မိုးဦးကျပြီးနောက် မှိုအမျိုးမျိုးပေါက်ကာ၊ မှိုစားပြီးအဆိပ်သင့် အသက်သေဆုံးတတ်သောကြောင့် မှိုကို သတိထားစားသုံးရန် ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေး
- Pajau Media

- Jun 17, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၇ရက်၊ဇွန်လ၊၂၀၂၅။
မိုးရာသီချိန် မိုးဦးကျပြီးနောက် မှိုအမျိုးမျိုးပေါက်ကာ၊ မှိုစားပြီးအဆိပ်သင့် အသက်သေဆုံးတတ်သောကြောင့် မှိုကို သတိထားစားသုံးရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးပြောဆိုထားသည်။
ရာသီစာမှိုက အရသာကောင်းမွန်ပြီး လူတိုင်းကြိုက်နှစ်သက်သည့် အစားအစာဖြစ်သောကြောင့် တွေ့ကရာမကောက်စားရန်နှင့် မှိုအမျိုးအစားအများဆုံးမှ ဈေးကွက်အတွင်း နေ့စဉ်ရောင်းချပေးနေသည့် မှိုမျိုးကိုသာ စားသင့်ကြောင်း၊ မြေကြီးတွင် ပေါက်သည့်မှိုတိုင်း မကောက်စားသင့်ကြောင်း ကျန်းမာရေးဌာနက သတိပေးထားသည်။
မှိုအဆိပ်သင့်ပြီး ဖြစ်လေ့ဖြစ်ထရှိသည့် လက္ခဏာများမှာ စားပြီးနောက် ၂၄ နာရီအတွင်း ဗိုက်နာခြင်း၊ ခေါင်းမူးအော့အန်ခြင်း၊ အသက်ရှုကျပ်ခြင်း၊ ကိုယ်နွေးအပူချိန်မြင့်လာခြင်း၊ ချက်ခြင်းချွေးထွက်ပြီးဝမ်းလျှောခြင်း စသည့်လက္ခဏာများ ပြတတ်သည်။ ထို့နောက် ၄၈ နာရီအတွင်းမှာတော့ အသဲပျက်စီးပြီး အသက်သေဆုံးနိုင်သည်အထိ ဖြစ်တတ်သဖြင့် မှိုပေါက်ချိန်အတွင်းသာ သတိထားစားသုံးပေးရန်လည်း ပြောဆိုထားသည်။
နေ့စဉ်စားသုံးနေသည့် မှိုဖြစ်ပေမယ့် ရက်လွန်ပျက်စီးသွားသည့် မှိုများကို စားမိလျှင်ပင် အဆိပ်ဖြစ်တတ်သောကြောင့် သတိထားစားသုံးရမည်ဖြစ်သည်ဟု ဆိုသည်။
ရာသီစာ မှိုစားသုံးပြီး အသက်သေဆုံးမှုမှာ ကချင်ပြည်နယ် ပူတာအိုဒေသတွင် နှစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ ပူတာအိုဒေသမှာ ရာသီစာ အစားအစာများကို အဓိက ရှာဖွေစားသောက်ကြသည့် ဒေသလည်း ဖြစ်သည်။
ပူတာအိုဒေသတွင် ပြီးခဲ့သည့် ဧပြီလတွင်လည်း မှိုစားမှားသည့် အသက်(၆၀)ကျော်အရွယ် အဘွားတစ်ဦး သေဆုံးခဲ့ရပြီး၊ အသက်(၁၂)နှစ်အရွယ် ကလေးငယ်က ချက်ခြင်းဆေးရုံတင်နိုင်ခဲ့သောကြောင့် အသက်ဘေးမှ လွှတ်မြောက်ခဲ့ကြောင်း သိရသည်။ ယခင်နှစ်များတွင်လည်း မှိုစားမှားသောကြောင့် တစ်မိသားစုလုံး အသက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့ဖူးသည်ဟု ဆိုသည်။
သတင်း - ပီလမ့်အူ









Comments