top of page

မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့အန္တရာယ်ကြောင့် ဝါရာဇွပ်ဒေသခံများ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရ

  • Writer: Pajau Media
    Pajau Media
  • Mar 18, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၈ရက်၊မတ်လ၊၂၀၂၅။




ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာတွင် ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)နှင့် မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့တို့ စစ်ရေးပြင်းထန်နေသည့်အပြင် စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် ဒေသခံများမှာ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။


ဝါရာဇွပ်ဒေသခံများမှာ မတ်လဆန်းကတည်းကစပြီး စတင်ထွက်ပြေး တိမ်းရှောင်လာခဲ့ကြရာ လက်ရှိမှာ ကျေးရွာအတွင်း နေထိုင်သူမရှိသလောက် အားလုံးနီးပါး တိမ်းရှောင်သွားကြပြီဖြစ်ကြောင်း သိရသည်။


“ပြည်သူ့စစ်တွေက ကား၅စီးလောက်နဲ့ ဝါရာဇွပ်ရွာကို ဝင်ပြီး၊ လူမရှိတဲ့အိမ်တွေဆို သူတို့လိုချင်တာတွေ အကုန်ယူသွားကြတယ်။ မီးရှို့လိုက်ကြတယ်။ တစ်ချို့အိမ်တွေကိုတော့ မီးမရှို့ဘူး။ လူရှိတဲ့အိမ်တွေဆို ခေါ်သွားပြီး လမ်းတစ်ဝက်ထိ ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်လိုက်တာတွေလဲ ရှိတယ်။ အခုတော့ ရွာထဲမှာ ဘယ်သူမှမရှိတော့ဘူး။ အကုန်တိမ်းရှောင်သွားကြပြီ။” ဟု ဒေသခံတစ်ဦးမှ ပြောပြသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ ဝါရာဇွပ်ဒေသအတွင်း မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှု ပြင်းထန်လာခဲ့သည့်အပြင် KIAတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲပြင်းထန်နေခဲ့ပြီး စစ်တပ်မှလည်း လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။


ထို့နောက် ဖေဖော်ဝါရီ ၁၇ရက်နေ့တွင် စစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားအမျိုးသားတစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့သည်။ ထို့အပြင် မတ်လ ၁၄ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဝါရာဇွပ်ကျေးရွာအနီးရှိ နမ်ဆိုင်ကျေးရွာကို စစ်တပ်က ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဝါရာဇွပ်ဒေသခံများမှာ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။


သတင်း - 97


Comments


Pajau Media

Thanks for subscribing!

bottom of page