top of page

မတော်တဆယာဉ်တိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့်သေဆုံးသူများ များပြားလာ

  • Writer: Pajau Media
    Pajau Media
  • Jan 7, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၇ရက်၊ ဇန္နဝါရီလ၊ ၂၀၂၅။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်း၊စံပြရပ်ကွက်တွင် ယမန်နေ့ည ၇နာရီခန့်က ကားနှင့်ဆိုင်ကယ် ယာဥ် တိုက်မှုဖြစ်ပွားပြီး၊ ဆိုင်ကယ်မောင်းနှင်သူမှာ ဒဏ်ရာပြင်းထန်သောကြောင့် ဆေးရုံကြီးသို့ပို့ဆောင်လိုက်ရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦး၏ ပြောပြချက်အရသိရသည်။


ဖြစ်စဉ်မှာ ယမန်နေ့ ညအချိန်တွင် အေဒင်ဘက်မှ မောင်းနှင်လာသည့် ကားနှင့် ဆင်ဂနယ်မီးမပြပဲ ဘယ်ဘက်သို့ကွေ့လာသောဆိုင်ကယ်နှင့်တိုက်မိပြီး ယာဉ်တိုက်မှုဖြစ်ပွားခြင်း ဖြစ်ကြောင်းကို မျက်မြင်တွေ့ရှိသူတစ်ဦးက ပါဂျောင်မီဒီယာသို့ ပြောသည်။


“ကားက အေဒင်ဘက်ကနေ အဖြောင့်သွားနေတာကို ဆိုင်ကယ်က ဆင်ဂနယ်မီး မပြဘဲနဲ့ လမ်းဘယ်ဘက်ကို ကွေ့လိုက်တဲ့အချိန် ကားကအရှိန်မထိန်းနိုင်ဘဲနဲ့ တိုက်မိတာ လူကလမ်းတစ်ဖက်ကမ်းတောင်ရောက်တယ်၊ မြင်ရတဲ့ဒဏ်ရာကတော့ လက်မှာ သွေးတွေပေနေတာပဲ ခန္ဓာကိုယ်ကတော့ အနွေးထည်ဝတ်ထားလို့ မတွေ့ရဘူး” ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။


ဆိုင်ကယ်မောင်းနှင်သူမှာ ခန့်မှန်းခြေအားဖြင့် အသက်၂၀အရွယ် လူငယ်အမျိုးသားတစ်ဦးဖြစ်ကြောင်းနှင့် ကားမောင်းနှင်သူမှာလည်း လူငယ်တစ်ဦးသာဖြစ်ပြီး၊ စုစုပေါင်း(၃)ဦး စီးနှင်လာသည့် ကားဖြစ်ကြောင်း သိရသည်။


“အဲဒီလူငယ်က လက်မှာ သွေးပယ်နေတာကြောင့် ပတ်ဝန်းကျင်က လူတွေက ဆေးထည့်ပေးနေချိန်၊ ချက်ချင်းဆိုသလို အသက်ငင်သလိုဖြစ်လာတယ်။ ပြီးးတော့ လူမှုကူညီရေးအသင်းကိုလည်း ဖုန်းဆက်ပေမယ့် ဖုန်းပိတ်ထားတော့ သူတိုက်မိတဲ့ကားနဲ့ပဲ ပြည်သူ့ဆေးရုံကို ပို့လိုက်ကြတယ်။ အနွေးထည်အထူကြီး ဝတ်ထားတော့ ဒဏ်ရာတွေကို မမြင်ရပေမယ့် ဒဏ်ရာအကြီးကြီးရနိုင်ခြေတော့ ရှိတယ်။” ဟု အဆိုပါမျက်မြင်က ဆက်လက်ပြောပြသည်။


ပြီးခဲ့သည့် ဇန္နဝါရီလ ၅ရက်နေ့တွင်လည်း မြို့သစ်ကြီးရပ်ကွက်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားပြီး အသက်၂၀အရွယ် အမျိုးသမီးတစ်ဦး အသက်သေဆုံးခဲ့ရသည်။


လူမှုကူညီရေးအသင်းများ၏ပြောဆိုချက်အရ မြစ်ကြီးနားမြို့တွင် ယာဉ်တိုက်မှုကြောင့် တစ်လလျှင် ပျှမ်းမျှအားဖြင့် (၁)ဦးနှုန်းသေဆုံးနေကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page