မတ်လ (၉)ရက်နေ့ က အရေးပေါ်ပိတ်လိုက်ရသော မြစ်ကြီးနားလေဆိပ် ယနေ့ မတ်လ(၁၀)ရက်နေ့ ပြန်ဖွင့်
- Pajau Media

- Mar 10, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊ မတ်လ၊ ၂၀၂၄

ယမန်နေ့ မတ်လ (၉)ရက်နေ့ က အရေးပေါ် ယာယီပိတ်လိုက်ရသော မြစ်ကြီးနား လေဆိပ်ကို ဒီနေ့ မတ်လ(၁၀) ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီး၊ လေကြောင်းခရီးစဉ်များပုံမှန်ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်းသိရသည်။
ထိုသို့ ယနေ့ မတ်လ (၁၀)ရက်နေ့တွင် လေကြောင်းခရီးစဉ်များပုံမှန်ပြန်၍ ပြေးဆွဲသော်လည်း၊ ယမန်နေ့က လေဆိပ်အားအရေးပေါ်ပိတ်လိုက်ရခြင်းကြောင့် မတ်လ(၉)ရက်နေ့အတွက် လေယာဉ်လက်မှတ် ဝယ်ထားသော ရန်ကုန်-မန္တလေး-မြစ်ကြီးနား သွားသောခရီးသည်များအားလုံး လိုရာခရီးမရောက်ပဲ အခက်အခဲကြုံနေကြောင်း သိရသည်။
“မနေ့က ခရီးသည်တွေကိုတော့ လေယာဉ်လက်မှတ်ဖိုး refund ပဲပြန်လုပ်ပေးတာ၊ ခရီးစဉ်ကတော့ ပျက်သွားပြီဆိုတဲ့သဘောပေါ့။ ပြန်သွားချင်ရင် ကိုယ့်ဖာသာကိုယ် လေယာဉ်လက်မှတ်အသစ်ပြန်ဝယ်ရုံပဲပေါ့” ဟု လေယာဉ်ကွင်းနှင့်နီးစပ်သူတစ်ဉီးကပြောသည်။
ထို့ပြင် ရန်ကုန် မှ မြစ်ကြီးနားသို့တက်လာသောလေယာဉ် မန္တလေးလေဆိပ်တွင် ခေတ္တရပ်နားနေစဉ် မြစ်ကြီးနားလေဆိပ် အရေးပေါ်ပိတ်လိုက်ရသောသတင်းကြောင့် မြစ်ကြီးနားသို့သွားသော လေကြောင်းခရီးစဉ်ဖျက်သိမ်းလိုက်ရကာ ခရီးသည်တစ်ချို့မှာ မန္တလေး လေဆိပ်မှ ရန်ကုန်သို့ ပြန်ခေါက်ခဲ့ရပြီး၊ တစ်ချို့မှာ မန္တလေးလေဆိပ်တွင်ဆင်းကျန်ရစ်ခဲ့ရသည်ဟုလည်း ကြားသိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးတစ်ဝိုက် နှင့် ဝိုင်းမော်မြို့နယ်ဘက်တွင် ယခုရက်ပိုင်းအတွင်းတိုက်ပွဲများပြင်းထန်လျက်ရှိရာ တိုက်ပွဲဖြစ်နေသော ဝိုင်းမော်မြို့ ရွှေညောင်ပင်ကျေးရွာ နှင့်အောင်မြေ(၂)ကျေးရွာ သို့ ပစ်ကူသော စစ်ကောင်စီတပ်များ၏ လက်နက်ကြီးကျည်များ မြစ်ကြီးနားလေဆိပ်ပေါ်မှ ဖြတ်သန်းသွားသောကြောင့် လေယာဉ်များကို ဆင်းတက်ခွင့်မပေးတော့ပဲ လေဆိပ်အဝင်အထွက်များအားလုံးကို မတ်လ (၉)ရက်နေ့က အရေးပေါ် ပိတ်လိုက်ရခြင်းဖြစ်သည်။




Comments