မတ်လအတွင်း စစ်ကော်မရှင်တပ်ကြောင့်အမျိုးသမီး (၈၈)ဦး သေဆုံးခဲ့
- Pajau Media

- 17 hours ago
- 1 min read
ပါဂျောင်မီဒီယာ
၈ရက်၊ဧပြီ၊၂၀၂၆။
အာဏာသိမ်းစစ်ကော်မရှင်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း ပြီးခဲ့သည့် မတ်လတစ်လတာအတွင်း အမျိုးသမီး (၈၈)ဦး အသက်သေဆုံးခဲ့ရပြီး၊ (၅၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမ္မဂအဖွဲ့(BWU)က ထုတ်ပြန်ထားသည်။
မတ်လအတွင်း အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်စဉ်မှာ မတ်လ ၅ ရက်နေ့တွင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာများမှ ပြည်သူများအား စစ်ကော်မရှင်တပ်ဖွဲ့က အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်မှုဖြစ်ခဲ့ပြီး၊ ထိုဖြစ်စဉ်တွင် အမျိုးသမီး(၁၇)ဦးထိ ပါဝင်ခဲ့သည်။
အမျိုးသမီးသေဆုံးသူ အရေအတွက်တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် (၅၇)ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် (၂၁)ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် (၄)ဦး၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် (၃)ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် (၁) ဦး၊ ဆေးကုသမှုခံယူခွင့်မရရှိခြင်းကြောင့် (၁) ဦးနှင့် မြေမြှုပ်မိုင်းကြောင့် (၁) ဦးတို့ ဖြစ်သည်။
အလားတူ ထိခိုက်ဒဏ်ရာရသူများစာရင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး (၄၈)ဦး၊ မြေမြှုပ်မိုင်းကြောင့် (၄)ဦး၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် (၁) ဦးနှင့် ကျည်ထိမှန်မှုကြောင့် (၁) ဦး တို့ ဖြစ်ကြသည်။
ထို့အပြင် သေဆုံးသူများထဲတွင် အသက်(၁၈)နှစ်အောက် အမျိုးသမီး (၂၀)ဦးနှင့် သေဆုံးချိန် ကိုယ်ဝန်ဆောင် အမျိုးသမီး (၃)ဦးလည်း ပါဝင်နေကြောင်း သိရသည်။
အာဏာသိမ်းစစ်ကော်မရှင်တပ်ဖွဲ့မှာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ကာ အစိုးရ တစ်ရပ်အဖြစ် အသိအမှတ်ပြုခံရရေး လွှတ်တော်ခေါ်ခြင်း၊ သမ္မတ ရွေးချယ်တင်မြှောက်ခြင်းများ ပြုလုပ်နေသော်လည်း အခြားတဖက်တွင် နိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်ခြင်း၊ ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း အစရှိသည့် အကြမ်းဖက် လုပ်ရပ်များကိုသာ စဥ်ဆက်မပြတ် တွင်ကျယ်စွာ လုပ်ဆောင်နေသည်ဟု BWU က ဖော်ပြထားသည်။
သတင်း - ထုဆိုင်း
Photos - BWU










Comments