မန္တလေး-မြစ်ကြီးနား ကွင်းလမ်းပြန်ပွင့်ပြီဖြစ်သဖြင့် မြစ်ကြီးနားမြို့သို့ ကုန်ကားရာချီဝင်ရောက်လာတော့မည်
- Pajau Media

- Jul 22, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၂ရက်၊ဇူလိုင်လ၊၂၀၂၅။
မန္တလေး-မြစ်ကြီးနား ကားလမ်းပိုင်းဖြစ်သည့် စပယ်နံ့သာ-ပေကြီးကွင်းလမ်း ပြန်ပွင့်ပြီဖြစ်သောကြောင့် အတက်ကားများ ရာချီတက်လာနေပြီး၊ မြစ်ကြီးနားမြို့သို့ ယနေ့အတွင်း ဝင်ရောက်လာနိုင်ချေ ရှိကြောင်း ကားသမားများထံမှ သိရသည်။
ကွင်းလမ်းဖြစ်သည့် စပယ်နံ့သာ-ပေကြီးကွင်းလမ်းမှာ မိုးမရွာတော့ဘဲ နေသာနေသောကြောင့် ယနေ့ ၉နာရီခွဲအချိန်မှ စတင်၍ ကားလမ်းများ ပြန်ပွင့်လာခြင်းဖြစ်ပြီး၊ ကုန်ကားအပါအဝင် ခရီးသွားကားများနှင့် ခြောက်ဘီးကားများ ရာချီမှာ မန္တလေးမှ တက်လာနေဆဲ ဖြစ်ကြောင်း သိရသည်။
မန္တလေးဆင်းမည့် ယာဉ်တန်းများမှာ မန္တလေး-ရွှေဘို ပြည်ထောင်စုလမ်းမကြီး မပွင့်သေးသောကြောင့် ရွှေဘိုတွင် ပိတ်မိနေဆဲဖြစ်ပေမယ့် မိုးမရွာနေသာလာလျှင် လာမည့်ရက်များတွင် လမ်းပွင့်နိုင်ချေရှိသည်ဟု ဆိုသည်။
ကွင်းလမ်းအသုံးပြုရသည့် မန္တလေး-မြစ်ကြီးနားကားလမ်းမှာ မိုးရွာသွန်းမှုကြောင့် ကားလမ်းပျက်စီးပြီး ပိတ်မိနေကြရခြင်း ဖြစ်သည်။
သတင်း - ထုဆိုင်း










Comments