top of page

မနမှော် နွံကန်ပြိုကျမှုအတွင်း ၃၀ဦးထက်မနည်းသေဆုံးခဲ့ပြီး၊ အချို့မှာ ကယ်ဆယ်ရေး လုပ်ရန် ခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Mar 12, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊မတ်လ၊၂၀၂၄ခုနှစ်။





ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မနကျေးရွာတွင် မနမှော်နွံကန်ပြိုကျမှုကြောင့် ကုမ္ပဏီဝန်ထမ်းအပါအဝင် ရေမဆေးရှာဖွေသူ ၃၀ဦးထက်မနည်း အသက်သေဆုံးခဲ့သည့်အပြင် နွံကန်ပေါက်ကျမှုအတွင်း ပါသွားသူများကို ကယ်ဆယ်ရေးလုပ်ရန်လည်း အခက်အခဲရှိနေကြောင်း သိရသည်။


“မနက်၄နာရီဝန်းကျင်မှာ နွံကန်စပြိုကျလာတာ၊ လူက အားလုံးပေါင်း ၃၀ကျော်နီးပါး ပါသွားတယ်။ စာရင်းအတိအကျတော့ မသိရဘူး။ ၄ယောက်ကိုတော့ ကယ်ထုတ်နိုင်ခဲ့တယ်၊ တစ်ယောက်ကသေပြီး၊ ဒဏ်ရာရရှိနေသူ သုံးယောက်ကိုတော့ ဆေးရုံသယ်သွားကြတယ်” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။


ယနေ့ နံနက်ပိုင်း ၄နာရီဝန်းကျင်၌ နွံကန်ပြိုကျလာခဲ့ပြီး ယင်းနေရာအတွင်း အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ အပါအဝင် စက်မောင်းဆရာများနှင့် ကားဆရာများ အများအပြား နွံကန်အတွင်း မျောပါသေဆုံးခဲ့ပြီး ယခုအချိန်အထိ လေးဦးအထိသာ ရှာဖွေတွေ့ရှိသေးကြောင်း သိရသည်။


“အဲ့ချိန်မှာက အလုပ်နားချိန်ဆိုတော့ ကျောက်ရှာတဲ့သူတွေက အကုန်လုံးနီးပါးက အပေါ်ကိုတက်သွားကြပြီ။ လုပ်ကွက်မှာက ကားဆရာ၊ စက်ဆရာ၊ စက်မောင်းတဲ့သူတွေပဲ ကျန်တယ်။ အ့လိုလူတွေပဲ အများဆုံး ပါသွားတယ်။” ဟု နောက်ထပ်ကျောက်ရှာဖွေသူတစ်ဦးက ပြောသည်။


ဖြစ်စဉ် ဖြစ်ပွားချိန်မှစပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ စက်ယန္တရားကြီးများဖြင့် ကြိုးစား ကယ်ဆယ်ခဲ့သော်လည်း နွံများ များပြားလွန်းခြင်းကြောင့် ကယ်ဆယ်နိုင်ရန်ပင် အလွန်ခက်ခဲနေကြောင်းနှင့် လက်ရှိမှာ ကယ်ဆယ်ရေးများလည်း ရပ်နားထားလိုက်ရသည်ဟု ပြောသည်။


ရှာဖွေတွေ့ရှိသူများအနက် တစ်ဦးမှာ အသက်သေဆုံးနေပြီး၊ ကျန်သုံးဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိထားကာ ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် နွံကန်ပြိုကျမှုအတွင်း ကုမ္ပဏီဝင်းထဲမှ မြေသယ်ယာဉ်နဲ့ ဘတ်ဟိုး ၁၀စီးထက်မနည်း ပြိုကျသွားခဲ့ကြောင်းလည်း သိရသည်။


ယနေ့နံနက်ပိုင်း ပြိုကျပေါက်ကွဲခဲ့သည့် လုပ်ကွက်သည် မနမှော်တစ်လျှောက်ရှိ ရှရော်မှော်မှ ဦးချိုဆိုသူ၏ လုပ်ကွက်ဖြစ်ကြောင်း သိရသည်။


သတင်း - ဟူးကောင်းသူ

Comments


Pajau Media

Thanks for subscribing!

bottom of page