top of page

မပေါက်ကွဲသေးသည့် ဗုံးကိုဆော့ကစားမိရာမှ ဖားကန့်မြို့နယ်၊ဆိုင်းဖရာကျေးရွာရှိ ကလေးငယ်(၂)ဦး အသက်သေဆုံး

  • Writer: Pajau Media
    Pajau Media
  • May 29, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၉ရက်၊မေလ၊၂၀၂၅။



ဖားကန့်မြို့နယ်၊ဆိုင်းဖရာကျေးရွာ ဘုရားကျောင်းဝင်းအတွင်း မပေါက်ကွဲသေးသည့် ဗုံးကိုဆော့ကစားရာမှ ကလေးငယ်(၂)ဦး အသက်သေဆုံးခဲ့ရကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယမန်နေ့ မေလ၂၇ရက်နေ့ ညနေ၅နာရီအချိန်ခန့်တွင် ဆိုင်းဖရာဘုရားကျောင်းဝင်းအတွင်း ကလေးငယ်(၂)ဦးက မပေါက်ကွဲသေးသည့် ဗုံးအားဆော့ကစားမိရာမှ ရုတ်တရက်ပေါက်ကွဲကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။


ယင်းကလေးငယ်(၂)ဦးမှာ ဦးမရစ်ဆွတ်ရိန်နှင့် ဒေါ်ဂျွမ်ဖောက်ကော့တို့၏သား မောင်မရစ်ဆွတ်ဆိုင်းအောင် (အသက်၁၂နှစ်)နှင့် မောင်မရစ်ဆွတ်ဆိုင်းနော် (အသက်၁၀နှစ်)တို့ ဖြစ်ပြီး၊ နေရာတွင် ပွဲခြင်းပြီးသေဆုံးခဲ့သည်ဟု ဆိုသည်။


စစ်ကောင်စီတပ်သားများမှာ ကျေးရွာအတွင်း ဝင်ရောက်နေရာယူကာ ဘုရားကျောင်းများ၊ စာသင်ကျောင်းများတွင် နေရာယူတပ်စွဲနေထိုင်ကြပြီး စစ်လက်နက်များ ကျန်ခဲ့သောကြောင့် အရပ်သားပြည်သူများ သေဆုံးခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။


မြန်မာနိုင်ငံတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျန်ခဲ့သည့် စစ်လက်နက်များကြောင့် အသက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်မှာ နေ့စဉ်တိုးများလာသည့်အပြင် ကမ္ဘာတဝှမ်းမှာလည်း စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးခဲ့ရသည့် အများဆုံးနိုင်ငံများတွင်ပါဝင်နေသည်ဟု သတင်းများတွင် ဖော်ပြထားသည်။


အဆိုပါဖြစ်စဉ်မှာ ကချင်ပြည်နယ်အပြင် တစ်နိုင်ငံလုံးနီးပါး ဖြစ်ပွားနေပြီး အဆိုးဆုံးမှာ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ၂၀၂၃ခုနှစ်နောက်ပိုင်းတွင် ပိုမိုများပြားလာကြောင်း သိရသည်။


UNICEFမှ ဖော်ပြချက်အရ ၂၀၂၄ခုနှစ် ဇန္နဝါရီလမှ စက်တင်ဘာလ (၉)လတာကာလအတွင်း တစ်နိုင်ငံလုံး ဗုံးကြောင့် အသက်သေဆုံးခဲ့ရသူပေါင်း (၁၃၀)ဦးရှိခဲ့ပြီး၊ ခြေ၊လက်မပြည့်စုံဘဲ ထိခိုက်ဒဏ်ရာရရှိခဲ့သူပေါင်း(၇၅၉)ဦးအထိ ရှိခဲ့ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page