top of page

မလိခရေကြောင်းလမ်းဖြစ်သည့် နောင်ခိုင်စက်လှေဆိပ်ကို စစ်ကောင်စီတပ်ဖွဲ့မှ ပိတ်လိုက်ပြီ

  • Writer: Pajau Media
    Pajau Media
  • Mar 15, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ပူတာအိုမြို့နယ်၊ နောင်ခိုင်ကျေးရွာရှိ မလိခမြစ်မှ နောင်ခိုင်စက်လှေဆိပ်ကို ပြီးခဲ့သည့် ဒုတိယအပတ်မှ စတင်ကာ စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု ဒေသခံများက ပြောသည်။


"နောင်ခိုင်စက်လှေဆိပ်က ပိတ်လိုက်တာ တစ်ပတ်လောက်ရှိပြီ၊ လုံးဝသွားလို့မရတော့ဘူး။ အဲ့ဒါကြောင့်ပဲ ရွှေမှော်တွေ တော်တော်များများက လူတွေတောင် ခြေကျင်နဲ့ တောလမ်းအတိုင်း ပြန်လာကြရတယ်။” ဟု ယင်းဒေသရှိ အမျိုးသားတစ်ဦးက ပြောသည်။


စက်လှေဆရာတစ်ဦးမှလည်း "အဓိက စက်လှေလမ်းပိတ်လိုက်တာတော့ စစ်တပ်ဘက်က ပြည်သူ့စစ် စက်လှေဂိတ် စောင့်စစ်သားတွေကို ပိတ်ဖို့အမိန့်ပေးထားတယ်လို့ပြောတယ်၊ မလိခအောက်ဘက်မှာ KIA/PDFတွေ ရှိနေတော့ ရိက္ခာသယ်လို့ မရအောင် ရိက္ခာဖြတ်ပေးတဲ့ သဘောပါပဲ၊ ဘယ်အချိန်ထိ ပိတ်မလဲတော့ မသိရသေးဘူး" ဟု ထပ်မံ ပြောသည်။


နောင်ခိုင်စက်လှေဆိပ်သည် ပူတာအို၊ မချမ်းဘောမြို့နယ်မှ မလိခမြစ်အောက်ဘက် အဆင်းရေကြောင်းခရီးအတွက် အဓိကကျသော စက်လှေဆိပ်တစ်ခု ဖြစ်သည့်အပြင် မလိခမြစ်အောက်ဘက်တစ်ကြောရှိ ဒေသခံများ အဓိက လုပ်ကိုင်စားသောက်သော စိုက်ခင်းနေရာအတွက် အဓိက ကုန်သွယ်ပေးသော စက်လှေဆိပ်တစ်ခုလည်း ဖြစ်သည်။


ထို့အပြင် ယခုကာလသည် ဒေသခံများ စီးပွားဖြစ် လုပ်ကိုင်စိုက်ပျိုးသော မုန်ညှင်းခင်းများကို ရိတ်သိမ်းကြရမည့် အချိန်လည်း ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ဒေသခံများမှာ နောင်ခိုင်စက်လှေဆိပ် ပိတ်လိုက်ခြင်းကြောင့် စီးပွားပျက်ရကိန်း ရှိနေသည့်အပြင် ဒေသခံများ သွားလာရေး အခက်အခဲ ဖြစ်လာနိုင်သည်ဟု ဆိုသည်။


“ဒီချိန်က မလိခမြစ်တလျှောက် မုန်ညှင်းခင်းတွေ ရိတ်သိမ်းကြတဲ့ အချိန်လည်းဟုတ်တယ်၊ သွားလိုက်ကြတဲ့ သူတွေအများကြီးပဲ အခုလို စက်လှေလမ်းပိတ်လိုက်တော့ အားလုံးဒုက္ခရောက်ကုန်ပြီ။” ဟု စက်လှေဆိပ် ပိတ်လိုက်ခြင်းကြောင့် စိုက်ခင်းသို့ မသွားနိုင်သော ဒေသခံတစ်ဦးက ပြောသည်။


မလိခမြစ်တစ်လျှောက် အမှီပြု၍ မုန်ညှင်းစိုက်ခင်း လုပ်ကိုင်စားသောက်နေထိုင်သော နောင်ခိုင်ကျေးရွာရှိ ဒေသခံများမှာ ယင်းစက်လှေဆိပ် ပိတ်ပင်လိုက်ခြင်းကြောင့် မလုပ်ကိုင်နိုင်သည့်အပြင် အချို့ သွားရောက်လုပ်ကိုင်ပြီးသောသူများလည်း ပြန်လမ်းမရှိ ပိတ်မိသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။


ဒေသခံများ ပြောပြချက်အရ မလိခမြစ်အောက်ဘက်ရှိ မချမ်းဘောမြို့နယ်၊ အင်ခါဂါး ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဌာနေပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များ စခန်းချနေထိုင်ခဲ့သော်လည်း ယမန်နှစ် ဒီဇင်ဘာ ၁၈ရက်နေ့တွင် KIA/KPDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက် နေရာယူထားပြီး ဖြစ်ကြောင်း သိရသည်။


ယခုကဲ့သို့ စက်လှေဆိပ်အား စစ်ကောင်စီတပ်ဘက်မှ ပိတ်ပင်လိုက်ခြင်းမှာ ယင်းဒေသအတွင်း KIA/KPDF ပူးပေါင်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှု ရှိနေသည်ဟု သတင်းများ ထွက်နေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုထားသည်။


သတင်း- မလိခူး

Comments


Pajau Media

Thanks for subscribing!

bottom of page