top of page

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ပေါ်မှ လူငယ်များ ဖမ်းဆီးခံရမှု ခပ်စိပ်စိပ် ဖြစ်ပေါ်လာ

  • Writer: Pajau Media
    Pajau Media
  • Mar 27, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း လမ်းပေါ်ထွက်သော လူငယ်များနှင့် ဆိုင်တွင်းစုဝေး နေထိုင်သည့် လူငယ်များကို ပေါ်တာဆွဲယူမှု ခပ်စိပ်စိပ်ဖြစ်လာသောကြောင့် စိုးရိမ်နေရသည်ဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။


ယမန်နေ့‌ နေ့လည်အချိန်ခန့်တွင် မြစ်ကြီးနား စီတာပူရပ်ကွက်ရှိ ဘွမ်နွယ်စားသောက်ဆိုင်မှ စုဝေးစားသောက်နေကြသည့် လူငယ်များကို အမည်မသိရသေးသည့် လက်နက်ကိုင်အုပ်စုက ကားနှစ်စီးဖြင့် ဝင်ရောက်ကာ လူငယ်၅ဦးထက်မနည်း ဖမ်းဆီးဆွဲခေါ်သွားသည်ဟု ဆိုသည်။


လူငယ်တစ်ဦးက “ဆိုင်းမွန်းမိုင်နဲ့ မုန်ဖန်း နှစ်ယောက်ကိုပဲ သိတယ်။ ကျန်တဲ့သူတွေက သူတို့သူငယ်ချင်းတွေ ဖြစ်နိုင်တယ်။ ဘယ်နှစ်ယောက်ပါသွားလဲတော့ အတိအကျ မသိရဘူး။ လူငယ်၅ယောက်ထက်မနည်း ဖြစ်လောက်တယ်။” ဟု ပြောသည်။




အလားတူ ညနေ၇နာရီဝန်းကျင်အချိန်၌လည်း ဒူကထောင်ရပ်ကွက် အပိုင်း (၃) ဆံပင်ညှပ်ဆိုင်မှ လူငယ်နှစ်ဦးကိုလည်း အမည်မသိအဖွဲ့မှ အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း ထပ်မံသိရသည်။


ထို့အပြင် မတ်လ ၁၈ရက်နေ့မှာလည်း မိန်းကလေးငယ်(၃)ဦး လမ်းသွားရင်း ပျောက်ဆုံးမှုများ ရှိခဲ့သော်လည်း တစ်ဦးသာ အိမ်သို့ ပြန်လာပြီး ကျန်နှစ်ဦးမှာ ဆက်လက်ပျောက်ဆုံးနေသည့် ဖြစ်ရပ်များ ရှိခဲ့ဖူးကြောင်း သိရသည်။


ထို့ကြောင့် ဒေသခံများမှာ ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ပေါ်မှ လူငယ်များ ခပ်စိပ်စိပ် ဖမ်းဆီးခံရမှု များပြားလာသော်လည်း မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးသည့်အပြင် ယခုအချိန်အထိ မည်သည့်သတင်းမှ မကြားသိရကြောင်း ပြောသည်။


မတ်လ ၇ရက်နေ့မှစ၍ နှစ်ဖက်စစ်တပ်၏ စစ်ရေးတင်းမာမှုကြောင့် ကချင်ဒေသအတွင်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည့်အလျောက် နှစ်ဖက်တပ်ဖွဲ့ဘက်မှ စစ်သားစုဆောင်းရေးများလည်း လုပ်ဆောင်နေကြသည်ဟု ဒေသခံများက ပြောသည်။


ထို့အပြင် စစ်ကောင်စီမှလည်း ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဉပဒေကို အသက်သွင်းကြေညာခဲ့ပြီးနောက် မတ်လ ၁၇ရက်နေ့မှစတင်ပြီး ရပ်ကွက်သို့ စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့လာသည့်အပြင် လမ်းပေါ်ထွက်သော လူငယ်များကို ပေါ်တာဆွဲခေါ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ခွင့်ပြုမိန့်ရထားကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page