top of page

ယခုအပတ်တွင်လည်း ရေဘေးထပ်မံ ဖြစ်ပွားလာနိုင်ကြောင်း မိုးဇလဗေဒ သတိပေး

  • Writer: Pajau Media
    Pajau Media
  • Aug 12, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ ဩဂုတ်၊ ၂၀၂၅။



ကချင်ပြည်နယ်အပါအဝင် ချင်းနှင့် စစ်ကိုင်းအထက်ပိုင်းဒေသများတွင် ယခုရက်ပိုင်းအတွင်း မိုးများလာနိုင်သောကြောင့် ရေဘေးကို သတိထားရမည်ဖြစ်ကြောင်း မိုးလေဝသ ဇလဗေဒရုံးမှ ထုတ်ပြန်ထားသည်။


မိုးများဆက်တိုက် ရွာသွန်းနိုင်သောကြောင့် မြစ်နားနေထိုင်သည့် ပြည်သူများ အဓိကသတိထားရမည်ဖြစ်ပြီး၊ ကြိုတင်တိမ်းရှောင်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကာ၊ မြေပြိုခြင်း၊ လမ်းပျက်စီးခြင်းများ ဖြစ်လာနိုင်သောကြောင့် အထူးသတိထားရမည်ဟု ဆိုသည်။


ယခုရက်ပိုင်းတွင်လည်း မိုးများသောကြောင့် ဩဂုတ်၁၁ရက်နေ့တွင် လိုင်ဇာဒေသ မိုးများကာ တောင်ကျရေကြီးလာသဖြင့် လိုင်ဇာချောင်းရေ၊ ခါကျန်ချောင်းနှင့် ခါယာချောင်းများ ရေကြီးရေလျှံ ဖြစ်ပွားခဲ့သည်။

မြို့တွင်း ရေကြီးရေလျှံဖြစ်ကာ ရေစိမ့်ဝင်ခဲ့သောကြောင့် ချောင်းနံဘေးရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး၊ လမ်းဘေးတည်ခင်းရောင်းချကြသည့် ဈေးသည်များ၏ ကုန်ပစ္စည်းများလည်း ရေစီးတွင် မျောပါသွားခဲ့ကြောင်း သိရသည်။


လိုင်ဇာဒေသတွင် ရေကြီးရေလျှံဖြစ်ပွားမှုမှာ ယခုလအတွင်း ဒုတိယအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဩဂုတ် ၄ရက်နေ့ ရေကြီးပြီးနောက် ရှင်းလင်းသန့်စင်မှုများ ပြုလုပ်နေဆဲဖြစ်သည့်အပြင် လိုင်ဇာဒေသ လက်ရှိအချိန်ထိ လျှပ်စစ်မီး မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page