top of page

ရွှေကူမြို့နယ်၊မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီမှ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူများစွာ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူများလည်းရှိ

  • Writer: Pajau Media
    Pajau Media
  • Jun 2, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂ရက်၊ဇွန်လ၊၂၀၂၄





ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၈ လက်အောက်ခံ တပ်ရင်း ၅ နယ်မြေရှိ မြို့ကုန်းတိုက်နယ်ဆေးရုံကို ယမန်နေ့ ဇွန်လ ၁ ရက်နေ့ ညသန်းခေါင် ၁၂ နာရီ ၂၀ မိနစ်ဝန်းကျင်အချိန် ခန့်က စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။


ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ကုန်းပြည်သူ့ဆေးရုံ ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် ဆေးရုံအနီးရှိ လူနေအိမ်တစ်အိမ်လည်းပျက်စီးကာ ဝန်းကျင်တွင်ကျက်စားနေသော နွားများလည်းသေဆုံးခဲ့ရပြီး၊ ပြည်သူများစွာထိခိုက်ဒဏ်ရာရရှိသည့်ကာအသက် သေဆုံးသူများလည်းရှိကြောင်းသိရသည်။


မြို့နေပြည်သူများ၏ပြောကြားချက်အရ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသော ပြည်သူများထဲတွင် မြို့ကုန်းဆေးရုံတွင် လက်ရှိ ဆေးရုံတက်နေသော လူနာများလည်းပါဝင်သည့်အပြင် အသက် ၈ နှစ်အရွယ်ကလေးငယ်အပါအဝင် အခြားအသက်သေဆုံးခဲ့ရသည့် ပြည်သူများလည်းရှိသည်ဟုဆိုသည်။ အသက်သေဆုံးသွားသောပြည်သူများအပါအဝင် ထိခိုက်ဒဏ်ရာရရှိသည့်ပြည်သူများ၏အခြေအနေနှင့် ပတ်သက်၍ အသေးစိတ်ကို ပါဂျောင်မီဒီယာမှဆက်လက်စုံစမ်းနေဆဲဖြစ်သည်။


ထို့အပြင် လွန်ခဲ့သော ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့တွင်လည်း မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီ ခြေလျင်တပ်ရင်း ခ.လ.ရ (၁၀) နှင့် (၇၈) ပူးပေါင်းစစ်ကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့ဖူးသည်။


၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ရှိ မြို့ကုန်းကျေးရွာအုပ်စုသည် လူဦးရေ ၃၀၄၁ ဦးနေထိုင်သည့်ကျေးရွာဖြစ်သည်။


Photo Credit


Comments


Pajau Media

Thanks for subscribing!

bottom of page