ရွှေကူမြို့မှ ဆန်တက်လာသည့် စစ်သင်္ဘောများကို KIA ကြားဖြတ်တိုက်ခိုက်
- Pajau Media

- Jul 28, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၈ ရက်၊ ဇူလိုင်၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ညအိပ်ရပ်နားခဲ့သည့် စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုများသည် ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက်ထွက်ခွာခဲ့ရာ ရွှေကူမြို့နယ် ငဘတ်ဝ ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။
ယမန်နေ့ ဇူလိုင် ၂၇ ရက်နေ့တွင် ရွှေကူမှ ဗန်းမော်မြို့သို့ ဆက်လက်ဦးတည်ထွက်ခွာခဲ့သည့် စစ်သင်္ဘောအုပ်စုများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ပြန်လည်နောက်ဆုတ်သွားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုလုံခြုံရေးအတွက် မြစ်ကမ်းဘေး ကပ်လိုက်လာသည့် ခြေလျင်တပ်ကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ဆက်ပြောသည်။
စစ်ကောင်စီက ဗန်းမော်မြို့လက်မလွတ်ရရေးအတွက် အပြင်းအထန် ခုခံတိုက်ခိုက်နေရာ ကျန်ရှိနေသေးသည့် စကခ ၂၁ တွင်း လက်နက်ရိက္ခာများဖြည့်ရန်အတွက် စစ်ကောင်စီက စစ်သင်္ဘောအုပ်စုများဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments