top of page

ရွှေတူးဖော်နေသည့် လုပ်ကွက်များကို စစ်ကောင်စီမှ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေ

  • Writer: Pajau Media
    Pajau Media
  • Feb 26, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။





ကချင်ပြည်နယ် မြစ်ကြီးနား-မန္တလေးအဝေးပြေးကားလမ်းပေါ်ရှိ ရွှေကူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ ယခုရက်ပိုင်းအတွင်း Y-12လေယာဉ်ဖြင့် မကြာခဏ ပျံဝဲစောင့်ကြည့်နေပြီး၊ ရွှေတူးဖော်နေသည့် လုပ်ကွက်များကိုလေကြောင်းတိုက်ခိုက်မှုများ ရှိနေကြောင်း သိရသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ရက် နေ့လည် ၁၁နာရီအကျော်တွင်လည်း ရွှေကူမြို့ အံတော်ရှင်ဘုရားနောက်ကျောဘက် ဧရာဝတီမြစ်တွင် ရွှေတူးဖော်နေကြသူများအား လေကြောင်းဖြင့် အကြောင်းမဲ့ တိုက်ခိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။


ဒေသခံတစ်ဦးက “တစ်ခြားနေရာတွေမှာ တူးဖော်နေကြတဲ့သူတွေကိုလည်း ပစ်ခတ်မယ်လို့ ပြောထားတယ်တဲ့၊ အခုသူတို့က တမင် ပြည်သူတွေလုပ်စားတာကို KIAကို ထောက်ပံ့တဲ့သူတွေဟုတ်တယ်ဆိုပြီး လာပစ်တာဟုတ်တယ်” ဟု ပြောပြသည်။


အဆိုပါတိုက်ခိုက်မှုမှာ Y-12လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး၊ (၃၇)ကြိမ်ထက်မနည်း ဗုံးလာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သောကြောင့် ရွှေတူးဖော်နေသည့် အရပ်သားတစ်ဦး အသက်သေဆုံးခဲ့သည့်အပြင် ၇ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိကာ၊ ရွှေတူးဖော်စက်များ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။


ယင်းအချိန်မှစပြီး ဧရာဝတီမြစ်ပေါ် ရွှေတူးဖော်သူများနှင့် စက်များအားလုံး ရပ်နားသွားသည့်အပြင် ရွှေကူမြို့တွင်း လေယာဉ်ပျံဝဲ စောင့်ကြည့်မှုများလည်း မကြာခဏ ရှိနေကြောင်းနှင့် စစ်တပ်မှထပ်မံလာရောက်ပစ်ခတ်မည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်ဟု ဆိုသည်။


စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ညနေပိုင်း ၂နာရီအချိန်တွင်လည်း Suicide ဒရုန်း၃စင်းဖြင့် လိုင်ဇာမြို့ကိုတိုက်ခိုက်ခဲ့ပြီး လိုင်ဇာမြို့အနီးဝန်းကျင်တွင် ဒရုန်း၂ စင်း ကျရောက်ခဲ့သော်လည်း လူထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းသိရသည်။


လတ်တလော ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်သည့် နေရာဒေသများတွင် အကြောင်းမဲ့ လေယာဉ်၊ ဒရုန်းဗုံးများဖြင့် လာရောက်ပစ်ခတ်မှုများမှာ မကြာခဏ ပြုလုပ်နေခဲ့သောကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ နေအိမ်ပစ္စည်းများ မီးလောင်ပျက်စီးမှုများ များစွာကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။


သတင်း - ဇော်မိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page