top of page

ရှဒူးဇွပ်ရှိ KIAတပ်စခန်းတစ်ခုကို မင်းဇေသန့်တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

  • Writer: Pajau Media
    Pajau Media
  • Mar 8, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၈ရက်၊မတ်လ၊၂၀၂၅ခုနှစ်။





ဖားကန့်မြို့နယ် ရှဒူးဇွပ် ဝခါး ရွှေမှော်အနီးရှိ ကချင်လွပ်လပ်ရေးတပ်မတော်(KIA)၏ တပ်စခန်းတစ်ခုကို ဝါရာဇွပ်ရှိ မင်းဇေသန့် ပြည်သူ့စစ်နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် လက်လွှတ်ခဲ့ရကြောင်း သိရသည်။


တမြန်နေ့ မတ်လ၆ရက်နေ့တွင် မင်းဇေသန့် ပြည်သူ့စစ်နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့က လေကြောင်းနှင့် ဒရုန်းပစ်ကူ အပါအဝင် လူအင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး၊ တပ်သား၈ဦးသာရှိသည့် KIAတပ်တို့ အင်အားမမျှဘဲ ဆုတ်ခွာလိုက်ရသည်ဟု ဆိုသည်။


KIAဘက်မှ တပ်စခန်းလက်လွှတ်ခဲ့ရသည့်အပြင် လက်နက်ခဲယမ်းနှင့် တပ်သားတစ်ဦးလည်း အသက်သေဆုံးခဲ့ကြောင်း သိရသည်။


ထို့အပြင် ဖားကန့်တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများ ရမ်းတမ်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လာသောကြောင်း ကချင်လွပ်လပ်ရေးတပ်မတော်(KIA)ဘက်က ဒေသခံများအား ဗုံးခိုကျင်းကတုတ်များ ကြိုတင်ပြင်ဆင်ထားခိုင်းကြောင်းလည်း ဒေသခံများထံမှ သိရသည်။


“ဗုံးခိုကျင်းတွေ တူထားခိုင်းတယ်၊ စစ်ကောင်စီက လေကြောင်းနဲ့ ခနခန တိုက်ခိုက်တာကြောင့်ရယ်၊ စစ်ရေးပြန်တင်းမာလာပြီး တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်တာကြောင့်ရယ်” ဟု ဖားကန့်ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။


မင်းဇေသန့် ပြည်သူ့စစ်တပ်ဖွဲ့များမှာ ကျေးရွာအတွင်း စစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်နေခဲ့ပြီး၊ လက်နက်ကြီးများဖြင့်လည်း ဆက်တိုက်ပစ်ခတ်နေခဲ့သည့်အပြင် ဒေသခံများ အထွတ်အထိပ် တန်ဖိုးထားသည့် ဆုတောင်းတောင်နေရာများတွင်လည်း တပ်စွဲနေရာယူထားကြောင်း သိရသည်။


စစ်ကောင်စီတပ်နှင့် မင်းဇေသန့်ပူးပေါင်းတပ်ဖွဲ့များမှာ မိုးညှင်းဒေသ၊ တနိုင်း-လီဒိုလမ်းပိုင်းနှင့် မြစ်ကြီးနားအထက်ပိုင်းတွင် ယခုနှစ် နှစ်ဆန်းပိုင်းမှစပြီး စစ်ရေးပြင်ဆင်မှုတွေ ခပ်စိပ်စပ်ပြုလုပ်လာခဲ့ပြီး၊ တပ်သားသစ်စုဆောင်းရေးတွေ မကြာခဏ ပြုလုပ်နေခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page