ရှမ်းနှင့်ကချင် အတူယှဉ်တွဲ နေထိုင်ကြရာ အခက်အခဲများကို နှစ်ဖက်လူထုမှ တွေ့ဆုံဆွေးနွေး
- Pajau Media

- Aug 14, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၄ရက်၊ ဩဂုတ်၊ ၂၀၂၅။

အင်းတော်ကြီးဒေသ ကချင်ပြည်သူ(၁၄)ဦးကို ရှမ်းနီSNAတပ်ဖွဲ့မှ သတ်ဖြတ်လိုက်သည့် ဖြစ်စဉ်နှင့် ကချင်လူမျိုးများကို နေထိုင်မရအောင် အမျိုးမျိုးလုပ်ဆောင် ပြုမူခဲ့သည့် ဖြစ်စဉ်များကို လူမျိုးရေးပြသနာမဖြစ်အောင် နှစ်ဖက်လူထုက အချင်းချင်းတွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ကချင်ရိုးရာယာဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ် (JHG) ၏ ဖေ့စ်ဘုတ်စာမျက်နာတွင် ဖော်ပြထားသည်။
ဆွေးနွေးညှိနှိုင်းမှုကို ပြီးခဲ့သည့် ဩဂုတ်လ ၁၁ရက်နေ့က မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့ကြပြီး၊ JHGဥက္ကဌနှင့် အတွင်းရေးမှူး၊ PCG၊WMRမှ တာဝန်ရှိလူကြီးများ၊ လူမှုရေးဝန်ကြီးနှင့် ရှမ်းနီဘက်မှ ရိုးရာယာဉ်ကျေးမှုဆိုင်ရာ၊ ရှမ်းရိုးရာယာဉ်ကျေးမှုလူကြီးများ စသည့်တာဝန်ရှိသူ အများအပြား လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးညှိနှိုင်းမှုတွင် လတလော ဖြစ်ပွားခဲ့သည့် အင်းတော်ကြီးဒေသ နန့်မွန်းမြို့၊ မိုင်းနောင်မြို့နှင့် မမုံကိုင်ကျေးရွာများတွင် ရှမ်းနီSNAတပ်မှ ကချင်လူမျိုးများကို အပြစ်မရှိ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်း အတူယှဉ်တွဲနေထိုင်ကြသော ရှမ်းတိုင်းသားများနှင့် ကချင်တိုင်းရင်းသား ဒေသခံပြည်သူများအကြား ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှမ်းနီတပ်များမှာ ပြီးခဲ့သည့် ဇူလိုင် ၁၅ရက်နေ့ကတည်းက နန့်မွန်းမြို့၊ မိုင်းနောင်မြို့နှင့် မမုံကိုင်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကချင်လူမျိုးများ ပပျောက်ရေးဖြင့် ကချင်လူမျိုးများ ဒေသအတွင်း နေထိုင်မရအောင် အမျိုးမျိုးဖိနှိပ်ချုပ်ချယ်ပြီး၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်လာခြင်းကို ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း - ထုဆိုင်း
Photo credit to JHG




Comments