ရှမ်းနီပြည်သူ့စစ်များကြောင့် အင်းတော်ဒေသမှ ပြည်သူ(၅၀၀၀)နီးပါး စစ်ဘေးရှောင်နေရ
- Pajau Media

- Jul 23, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၃ရက်၊ဇူလိုင်၊၂၀၂၅။

အင်းတော်ဒေသတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များမှ ပြည်သူများကို အမျိုးမျိုးစစ်ဆေးတင်းကြပ်ပြီး၊ လူမျိုးရေးခွဲခြား ဆက်ဆံလာခြင်းကြောင့် ပြည်သူ(၅၀၀၀)နီးပါး အရေးပေါ်ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။
အဆိုပါဒေသတွင် ရှမ်းနီပြည်သူ့စစ်များ အများစုလှုပ်ရှားနေပြီး လမ်းသွားလမ်းလာပြည်သူများအား တင်းတင်းကြပ်ကြပ်စစ်ဆေးခြင်း၊ တပ်သားစုဆောင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
အထူးသဖြင့် ကချင်လူမျိုးများကို ပို၍တင်းကျပ်စွာ စစ်ဆေးခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ်နေပြီး သတ်ဖြတ်ခံရသူများလည်း ရှိနေသည်ဟု ပြောဆိုနေသော်လည်း အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။
လက်ရှိပြည်သူများမှာ အများစုက ကုန်းလမ်းမှ ထွက်ပြေးတိမ်းရှောင်နေသလို ရေလမ်းမှ တိမ်းရှောင်နေသူများလည်းရှိကြောင်း သိရသည်။
အဆိုပါစစ်ရှောင်များမှာ တောတောင်နေရာအတွင်းတိမ်းရှောင်နေသူ (၂၀၀၀)နီးပါးနှင့် KIOထိန်းချုပ်နယ်မြေအတွင်း (၃၀၀၀) နီးပါး တိမ်းရှောင်နေကြရသဖြင့်အစားအသောက်များ၊ ဆေးဝါးပစ္စည်းနှင့် အခြားအကူအညီများစွာ လိုအပ်နေသည်။
ဖားကန့်နှင့်အင်းတော်ဒေသတွင် လက်ရှိတိုက်ပွဲပြင်းထန်နေပြီး၊ ဇူလိုင်၁၈ရက်နေ့က စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ဘက်မှ နှစ်နေရာကို လက်လွှတ်ခဲ့ရပြီးနောက် ရှမ်းနီပြည်သူ့စစ်မှ နေရာယူတပ်စွဲလာချိန်မှစ၍ ပြည်သူများ တိမ်းရှောင်လာရခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ပီလမ့်အူ




Comments