top of page

ရှမ်းနီပြည်သူ့စစ်များမှ ဟိုပင်မြို့တွင် တစ်ရက်ထဲ လူငယ်အယောက်(၄၀)ကျော်အား စစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်

  • Writer: Pajau Media
    Pajau Media
  • Jan 29, 2025
  • 1 min read

ပါဂျောင်မီီဒီယာ။

၂၉ရက်၊ဇန္နဝါရီ၊၂၀၂၅။



မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ရှမ်းနီပြည်သူ့စစ်များမှ စစ်မှုထမ်းရန်အတွက် လူငယ်များအား ဖမ်းဆီးခေါ်ဆောင်နေပြီး၊ တစ်ရက်ထဲတွင် လူငယ်အယောက်(၄၀)ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ဟိုပင်မြို့ခံများ ပြောပြချက်အရ သိရသည်။


"ရှမ်းနီပြည်သူ့စစ်က စစ်သားအယောက်(၅၀၀၀) မပြည့်သေးလို့ လမ်းပေါ်မှာတွေ့သမျှ လူငယ်တွေကို အကုန်ဖမ်းခေါ်ကုန်တာ၊ ဒီရက်ပိုင်းအတွင်းမှာ ဟိုပင်ငါးမိုင်၊ ဟိုပင်ရွာသစ်ကြီး၊ ဟိုပင်မြို့ထဲဖက်၊ မိုးညှင်းမြို့စွန်ဖက်၊ မိုးညှင်းပင်းဟဲရွာတွေမှာ စုဆောင်းရေးဆွဲခံနေရတာ တော်တော်လေး နာမည်ကြီးနေတယ်၊ တရက်ထဲ အယောက်၄၀ဆိုတော့ လူငယ်တောင်မကျန်‌တော့ဘူး။” ဟု ဟိုပင်ရွာသစ်ကြီး ဒေသခံတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ရက်နေ့တွင် လူငယ်အယောက်(၄၀)အား တစ်ရက်ထဲ၌ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ဖမ်းဆီးခံရသည့် လူငယ်များအား ရှမ်းနီပြည်သူ့စစ်မှ ငွေကြေးဖြင့် ရွေးထုတ်ခွင့်မပြုကြောင်းနှင့် လူငယ်များအား ဖမ်းဆီးပြီးပြီးချင်း တစ်ပြိုင်နက် ဆားမှော် ခမရ (၃၈၉)တပ်ထဲသို့ စစ်သင်တန်းပေးရန် ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။


ဒေသခံများပြောဆိုချက်အရ စစ်သင်တန်း၃လပေးပြီးနောက် လက်နက်ထုတ်ပေးကာ စစ်ဆေးရေးဂိတ်များတွင် ငွေကြေးကောက်ခံရန်အတွက် အလှည့်ကျတာဝန်ချထားပေးကြောင်းလည်း သိရသည်။


လက်ရှိတွင် မိုးညှင်းမြို့နယ်အတွင်းရှိ အချို့မြို့များ၌ စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များ၏ စစ်မှုထမ်း ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပေါ်တာဆွဲခံရခြင်းကြောင့် လူငယ်များ အမြဲစိုးရိမ်ကြောက်လန့်ကာ ကျီးလန့်စာစားဘဝဖြင့် နေထိုင်နေကြရသည်ဟု ဒေသခံလူငယ်များက ပြောသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page