top of page

ရွှေလီမြစ်ရေကြီးရေလျှံမှုကြောင့် မန်ဝိန်းကြီးဒေသတွင် ကောက်ပဲသီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးနေ

  • Writer: Pajau Media
    Pajau Media
  • Jul 16, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၆ရက်၊ဇူလိုင်လ၊၂၀၂၅။



တရုတ်နိုင်ငံမှ မြစ်ဖျားခံ စီးဆင်းလာသည့် ရွှေလီမြစ် ရေကြီးရေလျှံမှုဖြစ်လာသောကြောင့် ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးဒေသရှိ ကျေးရွာ၊ရပ်ကွက်ပေါင်း (၁၀)နေရာထက်မနည်းရှိ သီးနှံစိုက်ခင်းနှင့် လယ်ယာမြေများ ပျက်စီးဆုံးရှံးမှု ရှိနေသည်ဟု မန်ဝိန်းကြီးဒေသခံများ ပြောပြချက်အရ သိရသည်။


ဇူလိုင်လဆန်းမှစပြီး ၁၂ရက်နေ့အထိ တရုတ်နိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ဆည်ရေပိုလွှဲများ ဖောက်ချနေသောကြောင့် ရွှေလီမြစ်ရေကြီးလာပြီး၊ သီးနှံစိုက်ခင်း အများအပြား ပျက်စီးဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


“အများစုက ရှမ်းရွာတွေ ဖြစ်တယ်။ သီးနှံစိုက်ခင်းတွေ၊ လယ်ယာမြေတွေ၊ ကြံစိုက်ခင်း၊ ငှက်ပျောခင်း၊ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေအကုန်လုံး ရေလွှမ်းပြီး ရွှံ့ရေတွေနဲ့ လွှမ်းသွားတာ။ အများကြီး ဆုံးရှုံးသွားပြီ။ တစ်ချို့တွေက လယ်ယာစပါးစိုက်ထားတဲ့ သူတွေလည်း ရှိတယ်။ အကုန်ရေလွှမ်းသွားတာ။ ဘာမှ မရှိတော့ဘူး။” ဟု မန်ဝိန်းကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။


ထို့အပြင် ရေပြန်မကျဘဲ ရေလွှမ်းနေသည်မှာ တစ်ပတ်နီးပါး ရှိလာပြီဖြစ်ပြီး၊ စိုက်ထားသည့် ကောက်ပဲသီးနှံနှင့် လယ်စပါးများလည်း ပုပ်ပြီး ဆုံးရှုံးမှုဖြစ်ကာ၊ လက်ရှိမှာ လယ်ထဲကောက်စိုက်ရမည့် အချိန်ဖြစ်သောကြောင့်လည်း လယ်မလုပ်နိုင်ပါက စားဝတ်နေရေး၊ ဆန်စပါးအခက်အခဲ ရှိနိုင်သည်ဟု ဆိုသည်။


ကျေးရွာအများစုမှာ ကောက်ပဲသီးနှံ စိုက်ခင်း ပျက်စီးသည့်အပြင် နေအိမ်ထဲအထိ ရေကြီးရေလျှံမှုပါ ကြုံတွေ့နေရပြီး၊ မန်ဝိန်းကြီးဈေးတန်းအတွင်းမှာတော့ ဟင်းသီးဟင်းရွက် တစ်စီးလျှင် (၁၀၀၀)ကျပ်အထိ ဈေးမြင့်တက်နေကြောင်းလည်း သိရသည်။


မန်ဝိန်းကြီးဒေသအတွင်း ရွှေလီမြစ်ရေကြီးလာသည်မှာ ပြီးခဲ့သည့် ဇူလိုင် ၈ရက်နေ့ကတည်းက စတင်ရေတိုးလာခြင်းဖြစ်ပြီး၊ ရွှေလီမြစ်နံဘေးရှိ ကျေးရွာများမှာ လက်ရှိအချိန်အထိ ရေမကျသေးဘဲ၊ သွားလာရေးအတွက်လည်း ခက်ခဲနေကြသေးသည်ဟု ဆိုသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page