ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ သတိပေးထုတ်ပြန်
- Pajau Media

- Jun 6, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၆ရက်၊ဇွန်လ၊၂၀၂၅။
မိုးရာသီအချိန်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။
ကိုဗစ်-၁၉ရောဂါအား ကမ္ဘာ့ကပ်ရောဂါအဖြစ် မသတ်မှတ်တော့ဘဲ ရာသီတုတ်ကွေးရောဂါကဲ့သို့ ဒေသအတွင်း ပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာ ပြောင်းလဲသတ်မှတ်ထားသောကြောင့်လည်း ကျန်းမာရေးဆိုင်ရာ အသိပေးများကို လိုက်နာကျင့်သုံးရန်လိုကြောင်း ဖော်ပြထားသည်။
လက်ရှိမြန်မာနိုင်ငံအတွင်း အဆိုပါ ကိုဗစ်-၁၉ရောဂါကြောင့် အသက်သေဆုံး စိုးရိမ်ရသည့် အခြေအနေမရှိသေးသော်လည်း မိုးရာသီအချိန်တွင်း အဖြစ်များလေ့ရှိသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သည့် ဖျားခြင်း၊နှာစေးခြင်း၊နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း စသည့်လက္ခာများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ရန် လိုအပ်သည်ဟု ဆိုသည်။
တစ်ဖက်မှာလည်း မိုးသည်းထန်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ကချင်ပြည်နယ် အချို့ဒေသများနှင့် စစ်ရှောင်စခန်းများတွင် ရာသီတုတ်ကွေး ဖျားနာသူ များလာကြောင်း စစ်ရှောင်များက
“အခု ဝိုင်းမော်-မန်ဝိန်းဒိန်ဂွမ်ယာန်မှာက စခန်း၃ခုလောက်ရှိတယ်။ မိုးရာသီကြောင့်လားမသိ လူကြီး၊ကလေး အကုန်ဖျားနေကြတယ်။ အခုတလော ဖျားနာသူတွေ အရမ်းများနေတယ်။” ဟု မန်ဝိန်းစစ်ရှောင်တစ်ဦးက ပြောသည်။
ဝိုင်းမော်-မန်ဝိန်း ဒိန်ဂွမ်ယာန်အတွင်းရှိ ရာသီတုတ်ကွေးဖျားနာနေသည့် စစ်ရှောင်စခန်းများမှာ ခါနန်စစ်ရှောင်စခန်းနှင့် မုတ်ကျိတ်စစ်ရှောင်စခန်းတို့ ဖြစ်ပြီး လိုအပ်သည့်ဆေးဝါးပစ္စည်းအကူအညီများ လိုအပ်နေကြသည်ဟု ဆိုသည်။
ကချင်ပြည်နယ်တွင် KIAနှင့်စစ်ကောင်စီတပ်ဖွဲ့အကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည့်အပြင် တောတောင်နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်သူအများအပြားလည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။
သတင်း -ပီလမ့်အူ










Comments