လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဘုရားကုန်းရှိအရပ်သား ၂ဦးသေဆုံးပြီး ၈ဦးပြင်းထန်ဒဏ်ရာရရှိ
- Pajau Media

- Apr 2, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂ရက်၊ဧပြီလ၊၂၀၂၅။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်း-အင်းတော်မြို့မကျောင်းအား စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဘုရားကုန်းရှိ အရပ်သားနှစ်ဦး သေဆုံးခဲ့ရပြီး၊ ရှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း အင်းတော်ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဧပြီလဆန်းတစ်ရက်နေ့ နေ့လည်၁၂နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဂျက်ဖိုက်တာလေယာဉ်မှာ မိတ္ထီလာလေတပ်မှ Y-12စစ်ထောက်ပို့ ဗုံးကြဲလေယာဉ်ဖြစ်ပြီး၊ အင်းတော်နယ်ထဲ ဗုံးကြဲခဲ့ရာ မြို့မကျောင်း ဘုရားကုန်းတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ရပ်တော်မူဘုရားလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
မတ်လ၂၈ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် စစ်ကောင်စီ၏ နေပြည်တော်နှင့် တံတားဦးလေယာဉ်ကွင်းများ ထိခိုက်မှုများ ရှိခဲ့သော်လည်း မကွေးနှင့် မိတ္ထီလာရှိ လေတပ်များမှာ လေယာဉ်အတက်အဆင်း ပြုလုပ်နေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
တစ်ဖက်မှာလည်း မြန်မာပြည်အောက်ပိုင်းဒေသများတွင် ငလျင်ဘေးကြောင့် အကူအညီများ အရေးတကြီးလိုအပ်နေချိန် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခြင်းမရှိဘဲ၊ စစ်ကောင်စီတပ်က ကချင်ပြည်နယ်ထဲတွင် လေကြောင်း၊ဒရုန်း ပစ်ခတ် တိုက်ခိုက်ခြင်းများ အဆက်မပြတ်လုပ်ဆောင်နေဆဲဖြစ်သည်။
သတင်း - ကချင်ပြည်သား




Comments