လိုင်စင်မဲ့ကား ဖမ်းဆီးလာပြီးနောက် ကားဆိုင်ရာ လုပ်ငန်းရှင်များ စီးပွားကြပ်တည်းလာ
- Pajau Media

- Jul 3, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂ရက်၊ဇူလိုင်လ၊၂၀၂၅။
လိုင်စင်မဲ့ကားများ ဖမ်းဆီးလာပြီးနောက် ကားရေဆေးဆီလိုက်၊ ကားပြင်ဆိုင်နှင့် ကားလုပ်ငန်းသုံးပစ္စည်းဆိုင် အစရှိသည့် မော်တော်ကားဆိုင်ရာ လုပ်ငန်းရှင်များမှာ စီးပွားရေးအကြပ်အတည်း ဖြစ်လာကြောင်း သိရသည်။
“ကားရေဆေးဆီလိုက်နဲ့ ကားပြင်ဆိုင်လေး ဖွင့်ထားတာ။ လိုင်စင်မဲ့ကားတွေ ဖမ်းတော့ ကားအဝင်အထွက်လည်း နည်းသွားပြီး၊ တစ်နေ့လုံးမှ ကားတစ်စီးလောက်ပဲ ဝင်တော့တာ။ အလုပ်လုပ်တဲ့ ကလေးတွေနဲ့ အဆင်မပြေတော့ဘူး။” ဟု ကားရေဆေးဆီလိုက်ဆိုင်ရှင်တစ်ဦးက ပြောသည်။
ယခင် ကားမဖမ်းခင်က ဆိုင်တစ်ဆိုင်တွင် တစ်နေ့လျှင် ကား (၁၀) စီးကျော် နေ့စဉ်ရှိတတ်ပြီး၊ လတ်လောမှာတော့ တစ်စီးလောက်သာ ရှိတော့ကြောင်း သိရသည်။ ကားပြင်ဆရာများမှာလည်း ယခင်က အပ်ထားသည့် ကားများသာ လက်ရှိ ပြုပြင်နေပြီး ထပ်မံလာရောက် ပြုပြင်သူ မရှိသလောက်ရှိနေပြီဟု ဆိုသည်။
ထို့အပြင် ကားအရောင်းအဝယ် ပွဲစားလုပ်ရင်း ဝင်ငွေရှာသူများလည်း ဝယ်သူမရှိ အရောင်းအဝယ် ပါးလာပြီး၊ ဈေးလျှော့ရောင်းသော်လည်း လာရောက်စုံစမ်းသူပင် မရှိသလောက်ဖြစ်လာသည်ဟု ဆိုသည်။
မြစ်ကြီးနားမြို့တွင် မေလကုန်ပိုင်းကတည်းက ည ၉ နာရီနောက်ပိုင်း သွားလာသည့် လိုင်စင်မဲ့ကားများကို ဆက်တိုက်ဖမ်းဆီးလာခဲ့ရာ ဖမ်းဆီးခံရသူများမှာ ကျပ်ငွေ သိန်း(၃၀)မှ သိန်း(၅၀)အထိ ဒဏ်ငွေရိုက်ခံရပြီး၊ အချို့မှာ တရားရုံးရောက်သည်အထိ အမှုဖြေရှင်းမှသာ လွှတ်မြောက်လာသူများလည်း ရှိသည်။
တစ်ဖက်မှာလည်း လိုင်စင်မဲ့ကားအပြင် ယာဉ်စည်းကမ်း သတ်မှတ်ချက်မလိုက်နာသည့် ဆိုင်ကယ်များကိုလည်း ဇူလိုင်လဆန်းကတည်းက စတင်ဖမ်းဆီးနေပြီဖြစ်ပြီး၊ ကျောင်းသွားကျောင်းပြန်အချိန်မှလွှဲ၍ ကျန်အချိန်များတွင် ကား၊ ဆိုင်ကယ်များကို နေ့စဉ်ဆက်တိုက် ဖမ်းဆီးနေဆဲ ဖြစ်သည်။
သတင်း - ပီလမ့်အူ










Comments