လိုင်ဇာမြို့ရှိ ပြည်သူ့ဈေးကွက်နေရာ ရိုးရာမနောကွင်းသို့ ရွှေ့ပြောင်း
- Pajau Media

- Dec 30, 2023
- 1 min read
ပါဂျောင်မီဒီယာ

ကချင်ပြည်နယ် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ရှိ ကချင်အမျိုးသားများ၏ အထွတ်အထိပ်အဖြစ် တန်ဖိုးထားရသော မနောတိုင်နှင့် မနောကွင်းနေရာကို လိုင်ဇာမြို့၏ ပြည်သူ့ဈေးကွက်နေရာအဖြစ် ပြောင်းလဲသတ်မှတ်ရန် ယမန်နေ့ ဒီဇင်ဘာ ၂၉ရက်နေ့ နံနက်ပိုင်း ၇နာရီမှ စ၍ ဘက်ဟိုးဖြင့် စတင်တူးဖော်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အမည်မဖော်လိုသည့် ဒေသခံတစ်ဦး ပြောပြချက်အရ လက်ရှိ ဈေးကွက်နေရာသည် နေရာ၊ကုန်ပစ္စည်း အထိုင်အခင်း ကျဉ်းမြောင်းပြီး၊ ဈေးကွက်ရှေ့ ပြည်သူသွားလမ်းမကြီးလည်း အင်မတန်ကျဉ်းမြောင်းသောကြောင့် မော်တော်၊ ဆိုင်ကယ် ယာဉ်တိုက်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ဆိုသည်။

ယင်းအခက်အခဲများကြောင့် လက်ရှိ လိုင်ဇာမြို့လယ်ခေါင်အတွင်း တည်ရှိသည့် မနောကွင်းနှင့် မေနာတိုင်ကို ဘက်ဟိုးဖြင့် တူးဖော်ပြီး၊ ဈေး ကွက် နေရာ တည်ဆောက်ကာ ပြောင်းလဲသတ် မှတ်ရန် စီစဉ်ဆောင်ရွက်လာရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
နောက်ထပ်ဒေသခံတစ်ဦးမှလည်း ယခုလို မနောကွင်းကို နေရာရွှေ့ပြောင်းကာ ဈေးကွက်နေရာအဖြစ် ပြောင်းလဲသတ်မှတ်ရန်မှာ လွန်ခဲ့သည့် ၂၀၂၁ခုနှစ်ကတည်းက သတင်းကြားခဲ့ရပြီး၊ ယခုနှစ်မှ တကယ်လုပ်ဆောင်လာရသည့်အခါ စိတ်မကောင်းဖြစ်မိတယ်ဟု ပြောကြားခဲ့သည်။
“ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ၂၀၀၆ ၂၀၀၇ ခုနှစ်တွေမှာ နောက်ဆုံးပြုလုပ်ကျင်းပတဲ့ တော်လှန်ရေးနေ့ ပွဲတုန်းက တော်တော်ကို အလုပ်ရှုပ်ခဲ့တယ်။ အရမ်းလည်း မောခဲ့သလို အရမ်းလည်း ပျော်ခဲ့ရတာကြောင့် အခု ဖျက်စီးလိုက်တဲ့အခါကြတော့ စိတ်ထဲမှာ မပျော်ရတဲ့ ခံစားမှုမျိုးတော့ ဖြစ်နေတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။
လက်ရှိ မနောကွင်းနေရာကို ဈေးကွက်နေရာအဖြစ် ပြောင်းလဲသတ်မှတ်ပြီးနောက် လိုင်ဇာမြို့၏ ကချင်ရိုးရာ မနောကွင်းနေရာသစ်ကိုမူ လိုင်ဇာချောင်းနှင့် မုန်လိုင်ချောင်းဆုံရာ အနီးရှိ ဂေါက်ကွင်းအဟောင်း နေရာတွင် ပြန်လည် တည်ဆောက်ရန် စီစဉ်နေကြောင်းလည်း ထပ်မံသိရှိရသည်။
၄င်းဈေးကွက်နေရာနှင့် ရိုးရာမနောကွင်း နေရာ အပြောင်းအလဲ ပြုလုပ်ရန်မှာ ပြည်သူများထံ တရားဝင် ထုတ်ပြန်ကြော်ငြာခြင်း မရှိခဲ့သော်လည်း အစိုးရ၏ ညွန်ကြားမှုဖြင့် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး ပြောပြချက်အရ သိရသည်။
သတင်း - Chyang Ngau










Comments