top of page

လိုင်ဇာမြို့အနီးရှိ ဂျေယာန်စစ်ရှောင်စခန်းမှ မိန်းကလေးငယ်(၃)ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရမှုဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • Feb 26, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။




ကချင်လွှတ်လပ်ရေးတပ်မတော်KIO/KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးရှိ ဂျေယာန်စစ်ရှောင်စခန်းတွင် အသက်၁၀နှစ်ဝန်းကျင် မိန်းကလေးငယ်(၃)ဦး ပြန်ပေးဆွဲခံရကာ ရက်ရက်စက်စက် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ပြီး၊ အပြစ်ကျူးလွန်သူ တရားခံကိုလည်း KIOအစိုးရမှ ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


အပြစ်ကျူးလွန်သူ တရားခံဖြစ်သည့် ဦးအုန်းဆောင်ဒွဲအောင်ကို ယမန်နေ့ ဖေဖော်ဝါရီ၂၅ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းရာမှာ ပြန်ပေးဆွဲခံရသူ မိန်းကလေးငယ်သုံးဦးအား သေဆုံးနေသည့်အလောင်းအဖြစ် ပြန်လည်ရှာတွေ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


“စစ်ဆေးမေးမြန်းမှ သွားရှာတော့ မနေ့ညနေပိုင်း‌ ရေကန်ထဲမှာနှစ်လောင်းနဲ့ ဒီမနက်ကြိုးဆွဲချခံထားရတဲ့ နောက်တစ်လောင်းကို တွေ့တာ။ ရေကန်ထဲက နှစ်လောင်းကျတော့ လက်ပြန်ကြိုးတုတ်ထားပြီး ကျောက်တုံးတွေနဲ့ ဖိပြီးသတ်ထားတာ နောက်တစ်လောင်းကိုလည်း လက်ပြန်ကြိုးတုတ်ထားပြီး မျက်နှာတွေ မိန်မကိုယ်တွေမှာ ဓားနဲ့မွန်းထားတယ်။ မျက်လုံးတွေကိုလည်း ဖောက်ထုတ်ခံထားရပြီး ရက်ရက်စက်စက် ကြိုးပြန်ဆွဲချခံထားရတယ်” ဟု ဂျေယာန်စစ်ရှောင်တစ်ဦးက ပြောသည်။


ပြန်ပေးဆွဲခံရသည့် မိန်းကလေးငယ်သုံးဦးမှ နှစ်ဦး၏အလောင်းကို ယမန်နေ့ ညနေပိုင်းအချိန်တွင် ရေကန်အနား ရေနှစ်အသတ်ခံရသည့် ပုံစံဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီး၊ ကျန်တစ်ဦး၏ အလောင်းကိုတော့ ယနေ့ ဖေဖော်ဝါရီ၂၆ရက် နံနက်အစောပိုင်းအချိန်မှ ကြိုးဆွဲချ အသတ်ခံရသည့်ပုံစံဖြင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။


ကလေးငယ်သုံးဦးမှာ အသက်၁၀နှစ်အရွယ် မိန်းကလေးငယ်များဖြစ်ပြီး အလောင်းကိုပြန်လည်ရှာတွေ့ချိန်တွင် လက်ပြန်ကြိုးတုတ်ကာ ခြေထောက်များပါ ကြိုးချည်ခံထားရခြင်း၊ ကျောက်တုံးများဖြင့် ဖိခံထားရခြင်း၊ မျက်နာ၊ မျက်လုံးများကို အဝတ်ဖြင့် ပိတ်ခံထားရခြင်း၊ ဓားဖြင့်မွန်းခံထားရခြင်းနှင့် မိန်းမကိုယ်တွင် ဓားဒဏ်ရာတွေ့ရှိခြင်းဖြင့် ပြန်လည်ရှာတွေ့ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါက ဆိုသည်။


ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ၂၂ရက်နေ့တွင် တရားခံ၏ ဇနီးဖြစ်သူထံ လာရောက်သည့် ကလေးငယ်သုံးဦးကို အသက်၂၅နှစ်အရွယ် တရားခံဖြစ်သူ အမျိုးသားက ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး၊ ကလေးငယ်၏ မိဘထံ ဆောင်းဦးဆိုသည့် wechat နာမည်ဖြင့် ကလေးသုံးဦး၏ ပုံပို့ကာ တရုတ်ငွေယွမ်သုံးသိန်းကို ချိန်းခြောက်တောင်းဆိုခဲ့ကြောင်း သိရသည်။


တရားခံ၏ ဇနီးဖြစ်သူမှာ စစ်ရှောင်စခန်းအတွင်း စာသင်ပေးနေသည့် ကျောင်းဆရာမတစ်ဦးဖြစ်ပြီး အဆိုပါမိန်းကလေးငယ်များမှာ ဆရာမ၏တပည့်များဖြစ်သည်။


တရားခံအမျိုးသား ဦးအုန်းဆောင်ဒွဲအောင်သည် ယခင်က ပြစ်မှုတစ်ခုကျူးလွန်မှုကြောင့် ထောင်သေဒဏ်မှ လွတ်ငြိမ်းခွင့်နှင့် ပြန်လွတ်မြောက်လာသူဖြစ်ကာ လက်တလောအတွင်းပင် အဆိုပါထောင်မှ လွှတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။


ကလေးငယ်သုံးဦးမှာ အသက်၁၀နှစ်အရွယ် မနန်းဇိန်းဂျီးဆန်မိုင်၊ မဖောင်ယမ်ဆွတ်ဆိုင်းအိန်နှင့် မလထော်ရွယ်ဂျီတို့ဖြစ်ပြီး၊ ရုပ်အလောင်းများကိုတော့ ယနေ့တွင် ဂျေယာန်စစ်ရှောင်စခန်းအတွင်း ဆုတောင်းကာ သင်္ဂြိုလ်မြိုပ်နှံမည်ဖြစ်ကြောင်းနှင့် တရားစီရင်ခြင်း နောက်ဆက်တွဲ အကြောင်းအရာများကို ပါဂျောင်မီဒီယာမှ ထပ်မံစုံစမ်း တင်ပြပါမည်။


သတင်း - ဖရိန်း


Photo Credit to Owner


Comments


Pajau Media

Thanks for subscribing!

bottom of page