လွတ်မြောက်နယ်မြေများတွင် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာများကို တာဝန်ရှိသည့် အစိုးရမှ အမြန်ဆုံးတာဝန်ယူဆောင်ရွက်ပေးစေလိုကြောင်း စစ်ရှောင်များတောင်းဆို
- Pajau Media

- May 14, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၄ရက်၊မေလ၊၂၀၂၅။
ကချင်ပြည်နယ်အတွင်းရှိ လွတ်မြောက်နယ်မြေဒေသများတွင် စစ်ရှောင်အများအပြား ကျေးရွာပြန်လည်ထူထောင် နေထိုင်လာကြပေမယ့် ကျေးရွာအတွင်း ကျန်းမာရေးအတွက် စစ်ဆေးကုသပေးမည့် ဆေးပေးခန်းမရှိသေးသဖြင့် ခက်ခဲနေကြသည်ဟု စစ်ရှောင်များက ပြောသည်။
“အခုက နယ်မြေတော်တော်များများက လွှတ်မြောက်နယ်မြေတွေ ဖြစ်လာပြီ။ အဲ့ကြောင့် စစ်ရှောင်အများစုကလည်း ကိုယ့်ရွာကိုယ်ပြန်နေဖို့ပဲ လုပ်နေကြတယ်။ အများစုကလည်း ပြန်နေပါပြီ။ ဒါပေမယ့် ရွာမှာက ကျန်းမာရေးအတွက် ဘာမှမရှိဘူး။ ဆေးပေးခန်းမရှိတော့ အခက်ခဲဆုံးဖြစ်တယ်။ အခုက ဖျားလာပြီဆို လိုင်ဇာမဟုတ်ရင် မြို့ပေါ်တက်ကုနေရတယ်။” ဟု ဂျာပူဒေသခံတစ်ဦးက ပြောသည်။
ကိုယ့်ရပ်ရွာကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသည်မှာ ဆယ်စုနှစ်ထက် ကျော်လွန်နေပြီဖြစ်သောကြောင့် ကိုယ်ထူကိုယ်ထဖြင့် ခြံဝင်ရှင်းလင်း ပြန်လည်နေထိုင်သူ များပြားလာသည့်အပြင် ရေရှည်တွင် ဆေးပေးခန်းမရှိဘဲ မရှိသေးဘဲ မပြန်လာရဲသေးသူများလည်း အများအပြားရှိနေသည်ဟု ဆိုသည်။
ထို့ကြောင့် ကျေးရွာတစ်ရွာတွင် အရေးကြီးဆုံးဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာများကို တာဝန်ရှိသည့် အစိုးရမှ အမြန်ဆုံး တာဝန်ယူဆောင်ရွက်ပေးစေလိုသည်ဟုလည်း အဆိုပါ ဒေသခံများက တောင်းဆိုကြသည်။
တစ်ဖက်မှာလည်း တရုတ်နယ်စပ်ဒေသဖြစ်သည့် လိုင်ဇာ၊မိုင်ဂျာယာန်ဒေသတွင်မှာလည်း ဆေးဝါးအခက်အခဲကြောင့် ကလေးငယ်များ အချိန်မှီကာကွယ်ဆေးမထိုးနိုင်ဘဲ မြို့တက်ထိုးယူရကြောင်းနှင့် ကလေးငယ်များ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ ဆေးဝါးမစုံလင်မှုကြောင့် အားတိုးဆေး၊ ကာကွယ်ဆေးမစားနိုင်သူများ ပိုမိုများပြားလာသည်ဟု ဆိုသည်။
လက်ရှိမှာတော့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ရှိ ဂါးရာယန်၊ကဇူး၊ဒဘတ်၊အောင်ဂျာ၊ နမ့်ဆန်ယန်နှင့် ဂျာပူ စသည့် ကျေးရွာများမှာ လွှတ်မြောက်နယ်မြေဖြစ်ပြီးနောက် နေရပ်ပြန် နေထိုင်ကြသူ များပြားလာပြီး၊ အစားအသောက်အပြင် ဆေးဝါးပစ္စည်းများ မစုံလင်မှုကြောင့် ကျန်းမာရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။
သတင်း - ပီလမ့်အူ










Comments