top of page

လွယ်ဂျယ်-ဗန်းမော်သွားကားလမ်း ရက်ကြာမြင့်စွာ ပိတ်ပင်ထားသောကြောင့် ဆန်‌ဈေးနှုန်းမြင့်တက်ပြီး ဝယ်စားရန်ခက်ခဲလာဟုဆို

  • Writer: Pajau Media
    Pajau Media
  • Aug 9, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၉၊ ၈၊၂၀၂၄။



ree

ဗန်းမော်-လွယ်ဂျယ်သွားကားလမ်း ပိတ်ပင်သည့်အချိန် ကြာမြင့်လာသောကြောင့် လွယ်ဂျယ်မြို့အနီးရှိ ကျေးရွာမှ ပြည်သူများ ဆန်နှင့် အစားအသောက် ပြတ်လတ်ပြီး ခက်ခဲလာကြောင်း သိရသည်။


လက်ရှိမှာတော့ ဆန်တစ်အိတ်လျှင် တရုတ်ငွေယွမ်နှစ်ရာ့ရှစ်ဆယ်မှသုံးရာ၊ မြန်မာကျပ်ငွေဖြင့် နှစ်သိန်းမှ နှစ်သိန်းနှစ်သောင်းခွဲအထိ မြင့်တက်နေပြီး၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုပ်သီး စသည့် အခြားစားသောက်ကုန်ပစ္စည်းများအားလုံး ယခင်ဈေးနှုန်းထက် သုံးဆအထိ မြင့်တက်သွားသည်ဟု ဆိုသည်။


ထို့အပြင် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်လည်း လုပ်ကိုင်စားသောက်ရေး ခက်ခဲသည့်အပြင် အလုပ်မရှိ၊ ဝင်ငွေမရှိသည့် ပြဿနာများနှင့် ကုန်ဈေးနှုန်းမြင့်တက်သည့် ပြဿနာများကြောင့် လွန်စွာခက်ခဲနေကြသည်။


ယင်းလွယ်ဂျယ်နယ်စပ်ရှိ ဒေသခံအများစုမှာ စားဝတ်နေရေးအတွက် ပြောင်းဖူးစိုက်ခင်းနှင့် ကြံစိုက်ခင်းများကိုသာ အဓိကလုပ်ကိုင်စားသောက်ကြသော်လည်း ပြောင်းဖူးစိုက်ခင်းနှင့် ကြံစိုက်ခင်းများအတွက် မြေဩဇာ အပြည့်အဝ ဝယ်ယူမထည့်သွင်းနိုင်ပဲ ယခင်နှစ်များကဲ့သို့ အထွက်နှုန်း မကောင်းမွန်မည်ကို စိုးရိမ်နေကြသည်။


ထို့ကြောင့် ယခုကဲ့သို့ ရက်ကြာမြင့်စွာ ကားလမ်းပိတ်နေပြီး ဆန်နှင့် အခြားစားသောက်ကုန်ပစ္စည်းများကို မန္တလေး-မြစ်ကြီးနားဘက်မှ တင်သွင်းမှုမရှိတော့ပဲ တရုတ်ဘက်မှသာ တင်သွင်းကာ ကုန်ဈေးနှုန်းများ မြင့်သထက်မြင့်တက်လာလို့ ဆန်ဝယ်စားနိုင်ရန်ပင် ယခုထက် ပိုမိုခက်ခဲလာနိုင်သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page