top of page

လုံရှာချောင်းဖျားသို့ စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်ရန် ကြိုးစားသူအား ရွာလူထုမှ ဒုတိယအကြိမ် မောင်းထုတ်

  • Writer: Pajau Media
    Pajau Media
  • Dec 13, 2023
  • 1 min read

Updated: Jan 15, 2024

ပါဂျောင်မီဒီယာ



ပူတာအိုမြို့နယ်၊ လုံရှာယန် ကျေးရွာအုပ်စု၊ လုံရှာချောင်းဖျားတွင် စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်ရန် ကြိုးစားနေသည့် ဦးမြင့်အေး (မန္တလေး) နှင့် ဒေါ်အားချာဆဲ (လုံရှာယာန်) တို့ ရွှေတူးဖော်ရန် လုံရှာချောင်းဖျား၌ ဘက်ဟိုးဖြင့် လမ်းဖောက်လုပ်နေသည်ကို ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျေးရွာလူထုများမှ ဒုတိယအကြိမ် ကန့်ကွက်တားမြစ်ခဲ့ကြသည်ဟု ကျေးရွာဒေသခံများ ပြောပြချက်အရ သိရသည်။


စက်ယန္တရားကြီးများဖြင့် ဝင်ရောက်တူးဖော်ရန် ကြိုးစားလာသည့် ဦးမြင့်အေးနှင့် ဒေါ်အားချာဆဲတို့အား လွန်ခဲ့သည့် စက်တင်ဘာလ ၁၀ရက်နေ့မှာလည်း ပထမအကြိမ် ကျေးရွာအုပ်စု လူထုအစည်းအဝေးမှ ခေါ်ယူသတိပေးခဲ့ကြပြီး၊ ချောင်းဖျားသို့ ရွှေတူးဖော်ခြင်းကို လုံးဝ ခွင့်မပြုနိုင်ကြောင်း အသိပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။


ထို့အပြင် ဒီဇင်ဘာ ၉ရက်နေ့၌လည်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ ရပ်မိရပ်ဖများ စုစုပေါင်း (၄၁) ဦးတို့ ရွှေတူးဖော်ရန် ပြင်ဆင်နေသည့် လုံရှာချောင်းဖျားသို့ သွားရောက်ကာ ပြန် လည်ဆုတ်ခွာပေးရန် ထပ်မံသတိပေးပြီး ချက်ချင်းလုပ်ငန်းအား ရပ်ဆိုင်းခိုင်းခဲ့ကြောင်း သိရသည်။


လုပ်ငန်းရှင်ဖြစ်သည့် ဦးမြင့်အေး အဖွဲ့များ ပြောကြားချက်အရ ဤလုပ်ငန်းအား ကေအိုင်အေ/အို ဌာန တပ်ရင်း (၇)မှ လမ်းဖောက်လုပ်ခွင့် ပြုထားကြောင်း၊ လမ်းဖောက်လုပ်ပြီးစီးပါက လုပ်ငန်းလုပ်ပိုင်ခွင့် ပြုမည်ဟု သဘောတူညီမှု ရရှိထားကြောင်း ပြောဆိုလာသော်လည်း ၄င်းပြောကြားချက်မှာ ခိုင်လုံသည့် သက်သေအထောက်အထားမရှိကြောင်း ရပ်မိရပ်ဖများမှ ပါဂျောင်မီဒီယာသို့ ပြန်လည်ငြင်းဆိုထားသည်။


လုပ်ငန်းရှင်များဖြစ်သည့် ဦးမြင့်အေးနှင့် ဒေါ်အားချာဆဲ တို့အား ချောင်းဖျားအထက်ပိုင်းတွင် ရွှေတူးဖော်ခြင်းလုပ်ငန်းကို လုံးဝခွင့်မပြုကြောင်းနှင့် ယခုအကြိမ်သည် နောက်ဆုံးသတိပေးခြင်း ဖြစ်ကြောင်း အသိပေးကာ၊ နောက်ထပ် လုပ်ငန်းလုပ်ဆောင်ရန် ထပ်မံကြိုးစားလာပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ပြောကြားထားသည်ဟု ဆိုသည်။ ထို့နောက် ဒေါ်အားချာဆဲအား ဒီဇင်ဘာ ၁၀ရက်နေ့တွင် ရွာလူထုရှေ့မှောက်၌ လုံရှာချောင်းဖျားတွင် ရွှေတူးဖော်သည့် လုပ်ငန်း ထပ်မံမလုပ်ဆောင်ရန် ဝန်ခံလက်မှတ် ထိုးစေသည်ဟု ဆိုသည်။


လုံရှာချောင်းသည် လုံရှာယန်ကျေးရွာအုပ်စု အလယ်ဗဟိုအတိုင်း စီးဆင်းနေသည့် ချောင်းရေဖြစ်ပြီး လယ်ဧကပေါင်း ထောင်ချီအား ရေပေးဝေသည့် အဓိက ချောင်းရေတစ်စင်း ဖြစ်သည့်အပြင် သောက်သုံးရေ သွယ်ယူထားသော ချောင်းရေတစ်ခုလည်း ဖြစ်ကြောင်း ဒေသခံများ ပြောသည်။


ယခုလို တစ်ရွာလုံး၏ အသက်သွေးကြောမျှ အရေးကြီးပြီး လူဦးရေ ထောင်ချီအသုံးပြု နေသည့် ချောင်းဖျား၊ ရေအရင်းအမြစ်တွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်လိုက်မည်ဆိုပါက ချောင်းရေ ခမ်းခြောက်လာမည်ဖြစ်၍ မည်သို့မျှ ခွင့်ပြု၍ မရကြောင်း ဒေသခံများ ကန့်ကွက်ပြောဆိုနေကြသည်။


ပူတာအို မြို့နယ်သည် ကျေးရွာအုပ်စု ၁၄စုဖြင့် ဖွဲ့စည်းထားသည်ဖြစ်ရာ လုံရှာယာန် ကျေးရွာ အုပ်စုသည် ဒုတိယလူနေမှု အများဆုံး ကျေးရွာအုပ်စု တစ်ခုဖြစ်ပြီး လူဦးရေ ၈၀၀၀ခန့် မှီတင်းနေထိုင်သော ကျေးရွာ အုပ်စုကြီး တစ်ခုဖြစ်သည်။


ကိုဗစ်၁၉ အလွန်ကာလ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာပြီးနောက် ရွှေလုပ်ငန်းရှင်များ တစ်စတစ်စ များပြားလာကာ ယခုအချိန်တွင် မလိခမြစ်ရိုး တစ်လျှောက်နှင့် ၄င်း၏ မြစ်လက်တက်များ ချောင်းကြီးချောင်းငယ် နေရာအနှံ့တွင် ရွှေတူးဖော်သည့် လုပ်ငန်းများ အလွန်များပြားလာလျက် ရှိနေကြောင်း သိရသည်။


သတင်း - မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page