top of page

လုံရှာယာန်ကျေးရွာအတွင်း ရွှေတူးဖော်ခြင်း၊ သစ်ခုတ်ခြင်း၊ ငါးရှော့တိုက်ခြင်း လုပ်ငန်းများကို တားမြစ်သည့် သတိပေးကျောက်တိုင် စိုက်ထူ

  • Writer: Pajau Media
    Pajau Media
  • Feb 27, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၄ခုနှစ်။



ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာအုပ်စုတွင် လုံရှာခချောင်းတစ်လျှောက် တရားမဝင် ရွှေတူးဖော်ခြင်း၊ သစ်ခုတ်ခြင်း၊ ငါးရှော့တိုက်ခြင်း လုပ်ငန်းများကို တားမြှစ်ထားသည့် သတိပေးကျောက်တိုင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ရက်နေ့၌ စိုက်ထူခဲ့သည်ဟု လုံရှာယာန် အုပ်ချုပ်ရေးမှုးထံမှ သိရသည်။


"ကျေးရွာအုပ်စုအတွင်း အခုနောက်ပိုင်းမှာ သစ်ထုတ်တာ၊ ရွှေ့ပြောင်းတောင်ယာခုတ်တာတွေ၊ ငါးရှော့တိုက်တာတွေနဲ့ လုံရှာချောင်းတလျှောက် ရွှေတူးဖော်လာသူတွေများလာတယ်၊ အကြိမ်ကြိမ်တားမြှစ်ပေမယ့် ခိုးလုပ်ကြတာတွေရှိနေလို့ အခုလိုအုပ်စုရွာလယ်ခေါင်မှာ ကျောက်တိုင်စိုက်ထူလိုက်ရခြင်းဖြစ်ပါတယ်။ နောက်ပိုင်းဆက်လုပ်တဲ့ သူတွေကိုကျတော့ ထိထိရောက်ရောက် အရေးယူလို့ရအောင်လို့ပါ" ဟု လုံရှာယာန်အုပ်စု အုပ်ချုပ်ရေးမှူး ဦးပဆီထိန်နန်က ပြောသည်။


ယခုကဲ့သို့ သတိပေးကျောက်တိုင် စိုက်ထူရခြင်းမှာ နောက်ဆုံးဘေးထွက် ဆိုးကျိုးခံစားရမည့် ဒေသခံများ၏ သဘာဝဘေး အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ကျေးရွာအတွင်း တရားမဝင် ရွှေတူးဖော်ခြင်း၊ သစ်ထုတ်ခြင်း၊ ငါးရှော့တိုက်ခြင်းများကို တားမြှစ်သည့်ကျောက်တိုင်ကို စိုက်ထူခြင်း ဖြစ်ကြောင်းနှင့် တရားဝင်ကြေညာပြီးနောက် ဝင်လာသည့် လုပ်ငန်းရှင်များအား ထိရောက်စွာ အရေးယူနိုင်ရန် ဖြစ်ကြောင်း သိရသည်။


သတိပေးကျောက်တိုင်တွင် “လုံရှာခချောင်းနှင့် အခြားအကျိုးပြု ချောင်းတစ်လျှောက်တွင် ရွှေမတူးဖော်ရ၊ သစ်၊ ဝါးမခုတ်ရ၊ တောင်ယာမခုတ်ရ၊ သဲ၊ ကျောက် မထုတ်ရန်နှင့် လုံရှာယာန်ကျေးရွာ အုပ်စုနယ်မြေအတွင်း မျိုးတုန်းစေသော ကိရိယာဖြင့်သော်လည်းကောင်း၊ နည်းစနစ်ဖြင့်သော်လည်းကောင်း ငါးရှာဖွေခြင်း မပြုလုပ်ရ” ဟူသည့် စာသားပါရှိကာ လုံရှာယာန် ကျေးရွာအလယ်ခေါင်တွင် စိုက်ထူထားသည်ဟု ဆိုသည်။




လုံရှာချောင်းသည် မှီတင်းနေထိုင်သော ဒေသခံများ၏ အသက်သွေးကြောသဖွယ် အရေးကြီးသည့်အပြင် လုံရှာယာန်ကျေးရွာ အလယ်ဗဟိုအတိုင်း ဖြတ်၍ စီးဆင်းသည့် ချောင်းတစ်ခု ဖြစ်ကြောင်း သိရသည်။


နောက်ထပ်ရပ်မိရပ်ဖတစ်ဦးက ဤသို့ ချောင်းအား ကာကွယ်စောင့်ရှောက်ရခြင်းမှာ စီးပွားရေး လုပ်ငန်းရှင်များ၏ လောဘကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်နိုင်ရန်ဖြစ်ကြောင်း ထပ်မံပြောဆိုထားသည်။


ထို့အပြင် ယမန်နှစ်ကလည်း လုံရှာချောင်းတစ်လျောက် လုပ်ငန်းရှင်များ ရွှေတူးဖော်ရန် စက်ယန္တရားကြီးများဖြင့် အကြိမ်ကြိမ် လာရောက်စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး၊ ဒေသခံများလည်း အကြိမ်ကြိမ် တားမြစ်ပိတ်ပင်ထားနိုင်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်ဟု ဆိုသည်။


လုံရှာယာန်ကျေးရွာအုပ်စုသည် ပူတာအိုမြို့နယ်အတွင်း ဒုတိယအကြီးဆုံး ကျေးရွာအုပ်စုတစ်ခုဖြစ်ပြီး၊ ကျေးရွာစုစုပေါင်း(၁၃)ရွာနှင့် လူဦးရေ (၅၀၀၀)ကျော် နေထိုင်ကြောင်း သိရသည်။


သတင်း- မလိခူး



Comments


Pajau Media

Thanks for subscribing!

bottom of page