top of page

လုံရှာယာန်အုပ်စုမှ တပ်သား(၁၀၀) စုဆောင်းပေးရန် စစ်တပ်မှ တောင်းဆို

  • Writer: Pajau Media
    Pajau Media
  • Jul 15, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊ဇူလိုင်လ၊၂၀၂၄ ခုနှစ်။



ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာတွင် စခန်းချနေထိုင်သည့် ခ.လ.ရ (၄၆)နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်စခန်းမှူးမှ တပ်သားအသစ် အယောက် ၁၀၀ စုဆောင်းပေးရန် ညွှန်ကြားလာကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။


"ပြီးခဲ့တဲ့တစ်ပတ်မှာ ကျေးရွာ၊ ရပ်ကွက်တိုင်းက လူကြီးတွေကို အုပ်ချုပ်ရေးမှူးကနေ ခေါ်ပြီးအစည်းအဝေးလုပ်ကြတယ်။ အဲ့ဒီကိစ္စကြောင့်ပေါ့။ အုပ်ချုပ်ရေးမှူးစခန်းမှူးက လာပြောကတည်းကနေ မဖြစ်နိုင်ကြောင်း ငြင်းထားပြီးသားတော့ ဟုတ်တယ်လို့ပြောတယ်။ ဒါပေမယ့် စစ်တပ်က ဘာတွေဆက်လုပ်လာမယ်ဆိုတာ မသိနိုင်ဘူးလေ။ ဆိုတော့ကိုယ့်ရပ်ရွာ၊ ရပ်ကွက်အတွင်းရှိတဲ့ ရွာသားတွေကို သတိဝိရိယနဲ့ နေထိုင်၊ သွားလာကြဖို့ ငါတို့တာဝန်ရှိတဲ့ လူကြီးတွေအနေနဲ့ကျတော့ အသိပေးကြရတာပေါ့။” ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် လုံရှာယာန်အုပ်စု အုပ်ချုပ်ရေးမှူးထံ ပြောကြားလာခြင်းဖြစ်ပြီး၊ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများမှာ ယင်းညွှန်ကြားချက်ကို ကန့်ကွက်ထားသည်ဟု ဆိုသည်။


သက်ဆိုင်ရာရပ်မိရပ်ဖများမှ ကန့်ကွက်ထားသော်လည်း စစ်တပ်ဘက်မှ မည်သို့ ဆက်လက်လုပ်ဆောင်လာမည်ကို မသိရသေးသည့်အပြင် ရပ်ကွက်အတွင်း အတင်းအဓမ္မ တပ်သားစုဆောင်းလာမည်ကိုလည်း စိုးရိမ်နေကြရသည်ဟု ဒေသခံများက ပြောသည်။


“စစ်တပ်စခန်းဘက်ကနေတော့ ဘာမှပြန်ပြောလာတာတော့ မရှိသေးပေမယ့် ငါတို့စိုးရိမ်တာတစ်ခုက ဖေဖော်ဝါရီလတုန်းက ထွက်ထားတဲ့ စစ်မှုမထမ်းမနေရအမိန့်နဲ့ သူတို့ကောက်ထားတဲ့ ရပ်ရွာအုပ်စုအတွင်းက အသက် ၁၈နှစ်ကနေ ၃၅နှစ်ကြားက လူတွေကို အတင်းလာခေါ်မလား ဆိုတာကိုတော့ အားလုံးက စိုးရိမ်နေကြတယ်။" ဟု အထက်ပါ ရပ်မိရပ်ဖတစ်ဦးက ဆက်ပြောသည်။


လုံရှာယာန်အုပ်စုနှင့် ဆွမ်ပီယာန်အုပ်စုတို့တွင် စစ်ကောင်စီတပ်များ အခြေချနေရာယူထားဆဲဖြစ်သောကြောင့် စိုးရိမ်ပူပန်နေကြရသည့်အပြင် လက်ရှိမှာ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတွင် နှစ်ဖက်စစ်ရေးတင်းမာနေကြပြီး ဒေသခံများလည်း စစ်ရှောင်နေကြရဆဲ ဖြစ်သည်။


လုံရှာယာန်အုပ်စုသည် ပူတာအို-မြစ်ကြီးနားလမ်းမပေါ်တွင် တည်ရှိပြီး အိမ်ခြေ(၈၀၀)ကျော်၊ လူဦးရေ(၅၀၀၀)ကျော် မှီတင်းနေထိုင်သည့် ကျေးရွာအုပ်စု တစ်ခုဖြစ်ကြောင်း သိရသည်။


သတင်း-မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page