top of page

လက်တလော မြစ်ကြီးနားမြို့တွင်း ဖမ်းဆီးခေါ်ဆောင်ခံရမှု ခပ်စိပ်စိပ်ဖြစ်လာ

  • Writer: Pajau Media
    Pajau Media
  • Aug 20, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊ သြဂုတ်၊ ၂၀၂၅။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ပြည်သူများအကြောင်းမဲ့ ဖမ်းဆီးခံနေရခြင်း ခပ်စိပ်စိပ် ဖြစ်ပွားနေပြီး၊ စစ်ဆေးရေးလည်း တင်းကြပ်နေကြောင်း မြစ်ကြီးနားဒေသခံ ပြည်သူများ ပြောပြချက်အရ သိရသည်။


"ခုတလော လမ်းတွေမှာ စစ်ဆေးရေးတွေလည်း များတယ်။ အကြောင်းမဲ့ ဖမ်းနေတယ်ဆိုတာလည်း ပတ်ဝန်းကျင်မှာ ခနခန ကြားနေရတယ်" ဟု မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။


ဖမ်းဆီးခံရသူများမှာ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားများအပါအဝင် အမျိုးသမီးအထိ ပါဝင်ပြီး၊ မြို့တွင်း၊မြို့ပြင် နေရာများတွင်လည်း လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။ ထို့အပြင် မည်သည့်လက်နက်ကိုင်အဖွဲ့စည်းများမှ ဖမ်းဆီးနေကြောင်း တိတိကျကျ မသိရဘူးဟုလည်း ဒေသခံများက ပြောသည်။


ပြီးခဲ့သည့် ဩဂုတ် ၁၈ရက်နေ့တွင်လည်း မြစ်ကြီးနား၊ စီတာပူရပ်ကွက် အပိုင်း(၅)ဘက်မှ လူငယ်အမျိုးသား(၅)ဦးမှာ ရုတ်တရက် ကားနှစ်စီးဖြင့် ရောက်ချလာသည့် အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး၊ တစ်နေ့ထဲတွင် မနောကွင်းထဲ လာရောက်လည်ပတ်နေသည့် အမျိုးသမီး(၃)ဦးမှ တစ်ဦးလည်း ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။


စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့တွင် လောင်းကစားဝိုင်း၊ ခိုးဆိုးလုယက်မှုတွေ များလာသောကြောင့် စစ်တပ်က မြို့တွင်း၊မြို့ပြင် စစ်ဆေးရေးတင်းကြပ်နေသည့် မြို့ဖြစ်သော်လည်း ယခုလို ပြည်သူများအကြောင်းမဲ့ ဖမ်းဆီးခံနေရခြင်းမှာ ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် တစ်နေ့ပြီးတစ်နေ့ စိုးရိမ်နေကြရသည်ဟု ဆိုသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page