top of page

လက်နက်ကြီး ကျရောက်ပေါက်ကွဲသော ကြောင့် ခတ်ချိုကျေးရွာနေ ဒေသခံများသေဆုံးမှု ၈ဦးအထိ ရှိလာ

  • Writer: Pajau Media
    Pajau Media
  • May 24, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၄ရက်၊မေလ၊၂၀၂၄ခုနှစ်။


ဝိုင်မော်မြို့၊ ခတ်ချိုကျေးရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက်သေဆုံးသူ ၈ဦးအထိ ရှိလာပြီဟု ဒေသခံများက ပြောသည်။


ခတ်ချိုကျေးရွာတွင် ပြီးခဲ့သည့် မေလ၂၀ရက်နေ့၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦး အပါအဝင်‌ ဒေသခံ ၆ဦး အသက်သေဆုံးခဲ့ရသည့်အပြင် ၁၀ဦးကျော်မှာ ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။


ယင်းထိခိုက်ဒဏ်ရာရရှိသူများကို မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ကုသနေစဉ် ယမန်နေ့တွင် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ရသည်ဟု ဆိုသည်။


ယင်းအမျိုးသမီးမှာ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိထားသူဖြစ်ပြီး ဆေးကုသနေစဉ် ၃ရက်အကြာတွင် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။


ထို့အပြင် မေလ၂၂ရက်နေ့တွင်လည်း ဆေးကုသမှု ခံယူနေသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး ခတ်ချိုကျေးရွာမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက်သေဆုံးသူ ဒေသခံမှာ ၈ဦးအထိ ရှိလာခဲ့ခြင်း ဖြစ်သည်။ အလားတူ ထိခိုက်ဒဏ်ရာရရှိထားသူ ၁၀ဦးကျော်မှာလည်း မြစ်ကြီးနား ဆေးရုံတွင် ဆက်လက်ဆေးကုသမှု ခံယူနေဆဲ ဖြစ်သည်။


မေလ ၁၈ရက်နေ့တွင် စတင်ခဲ့သည့် KIA၏ ဒုတိယအကြိမ် ထိုးစစ်ဆင်တိုက်ပွဲများကြောင့် စစ်ကောင်စီမှ တန်ပြန်ခုခံ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည်။


မေလ ၂၀ရက်နှင့် ၂၁ရက်နေ့ နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်မှုကြောင့် ခတ်ချိုကျေးရွာမှ ဒေသခံများ သေဆုံးကာ၊ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီမှ အတွဲလိုက်ဒုံးကျည်များ ဆက်တိုက်ပစ်ခတ်မှုကို စိုးရိမ်သောကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဖြစ်သည်။


မေလ ၁၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြစ်ကြီးနား ပမ္မတီးရပ်ကွက်တွင် ကျရောက်ကာ ဒေသခံ၃ဦးနှင့် ဒဏ်ရာရရှိသူ ၈ဦးအထိ ရှိခဲ့သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page