လမ်းခရီးကြမ်းတမ်းသောကြောင့် မြစ်ကြီးနား-လိုင်ဇာ-ဗန်းမော် လမ်းလွှဲဖြစ်သည့် နန်ဇော်သွားလမ်းတွင် ကားများပိတ်မိနေ
- Pajau Media

- Jul 5, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၅ရက်၊ဇူလိုင်လ၊၂၀၂၅။

ဝိုင်းမော်ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားလာချိန်ကတည်းက မြစ်ကြီးနား-လိုင်ဇာ-ဗန်းမော်သွားလမ်း သွားလာဖြတ်သန်းခွင့် ပိတ်ပင်လိုက်သောကြောင့် လမ်းလွှဲအဖြစ် အဓိကအသုံးပြုနေသည့် နန်ဇော်သွားလမ်းမှာ မိုးများသဖြင့် ကားလမ်းပျက်စီးကာ သွားလာရေးခက်ခဲနေသည်ဟု ခရီးသွားများက ပြောသည်။
အဆိုပါ နန်ဇော်သွားလမ်းမှာ ငှက်ပျောသယ်ကားကြီးများ၊ ကုန်တင်ကားကြီးများနှင့် နေရပ်ပြန် စစ်ရှောင်များ အဓိကသွားလာသည့် သွားလမ်းဖြစ်ကာ ယခုရက်ပိုင်း မိုးများသောကြောင့် လမ်းခရီးကြမ်းတမ်းကာ သွားလာရေးခက်ခဲနေကြသည်ဟု ဆိုသည်။
ထို့ကြောင့် ကားသမားများနှင့် ငှက်ပျောသယ်ကားကြီးများမှာ လမ်းခရီးအတွင်း ပိတ်မိနေပြီး နှစ်ညအိပ်ခရီးဖြင့် ခက်ခက်ခဲခဲ သွားလာနေရသည်ဟု ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။
“အခုတလောက သွားလာလို့မရတဲ့ အခြေအနေဖြစ်တယ်။ အရင်က ဆိုင်ကယ်နဲ့ဆို ၃နာရီလောက်ပဲ သွားရတာကို အခုဆို ၆နာရီလောက် သွားရတယ်။ ကုန်တင်ကားတွေ၊ ငှက်ပျောသယ်ကားတွေ အရမ်းကျပ်နေတဲ့ ကြားကနေ သွားရတာ။ အခုချိန်က စစ်ရှောင်တွေ နေရပ်ရင်းပြန်နေတဲ့အချိန်လည်းဖြစ်တော့ ကား၊ဆိုင်ကယ်တွေ ကျပ်နေတာပဲ။” ဟု အထက်ပါ ခရီးသွားမှဆက်ပြောသည်။
ထို့အပြင် နန်ဇော်လမ်အတိုင်း နေရပ်ရင်းပြန်နေကြသည့် စစ်ရှောင်များလည်း ပစ္စည်းသယ်ယူနေချိန်ဖြစ်သည့်အပြင် လမ်းခရီးကြမ်းတမ်းနေသဖြင့် အခက်အခဲ ဖြစ်နေကြသည်ဟု ပြောသည်။
တစ်ဖက်မှာလည်း သွားလာရေးခက်ခဲသည့်အပြင် စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များမှာ လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များအထိုင်ချကာ ငွေကောက်ခံနေသည်မှာလည်း မိုင်းနားစစ်ရှောင်စခန်းအနီးအထိဖြစ်ကြောင်း သိရသည်။
မိုင်းနားစစ်ရှောင်စခန်းအနီး အထိုင်ချထားသည့် ပြည်သူ့စစ်ဂိတ်များမှာ ငှက်ပျောသယ်ကားကြီးတစ်စီးလျှင် ကျပ်ငွေ(၇)သိန်း ကောက်ပြီး၊ ကုန်တင်ကားများကို အနည်းဆုံး ၅သောင်းမှစ၍ ကောက်ယူနေကြောင်း သိရသည်။
သတင်း -ပီလမ့်အူ




Comments