လမြန်ကျေးရွာအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းလှုပ်ရှားမှု ဆက်တိုက်လုပ်ဆောင်နေ
- Pajau Media

- Jun 15, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၅ရက်၊ ဇွန်လ၊၂၀၂၅။

ဝိုင်းမော်ဒေသ လမြန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုး လှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
မေလကတည်းက လမြန်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေရာ KIAတပ်ဖွဲ့များ တပ်စွဲထားသည့် နေရာအထိ ထိုးလာသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ မကြာခဏ ဖြစ်ပွားနေကာ၊ လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာနေကြဆဲ ဖြစ်သည်။
စစ်တပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင်တစ်ကြိမ်၊ ညနေ ၄ နာရီဝန်းကျင်တွင်တစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့သေးသည်။
စစ်ကောင်စီတပ်များက လမြန်ကျေးရွာအတွင်း စစ်ကြောင်းလှုပ်ရှားမှုတွင် လေကြောင်းအပြင် လက်နက်ကြီးဖြင့်လည်း ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြသည်။
ယခုကဲ့သို့ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေသည့် အချိန်ကာလ ကြာမြင့်လာသောကြောင့် အစားအသောက် ပိုမိုခက်ခဲလာသည့်အပြင် ကျောင်းဖွင့်ချိန်ရောက်လာသောကြောင့်လည်း ကျောင်းသားများအတွက် ကျောင်းသွားကျောင်းပြန် သွားလာရေး ခက်ခဲသွားသည်ဟု ကျောင်းသားမိဘများက ပြောသည်။
ထို့အပြင် ဖားကန့်ဒေသတွင်လည်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းထိုး လှုပ်ရှားခြင်း ဆက်တိုက်လုပ်ဆောင်နေခြင်းနှင့် ပြည်သူများအား ပစ်သတ်ခြင်း၊ နေအိမ်ကိုမီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများအား လူသားဒိုင်းကာဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်နေသောကြောင့် အဆိုပါဒေသမှ ပြည်သူများ သတိထားသွားလာနေရသည်ဟု ပြောသည်။
သတင်း - ထုဆိုင်း




Comments