လဝါးကျေးရွာ ဆုတောင်းတောင်တွင် နေရာယူတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို KIAတိုက်ခိုက်သိမ်းပိုက်
- Pajau Media

- May 3, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၃ရက်၊မေလ၊၂၀၂၅။

မြစ်ကြီးနား-ဖားကန့် လမ်းမပေါ်ရှိ လဝါးကျေးရွာအနီး၊ဆုတောင်းတောင်တွင် တပ်စွဲထားသော စစ်ကောာင်စီတပ်သားများကို KIAပူးပေါင်းတပ်ဖွဲ့များက မေလ(၂)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ကြောင်း သိရသည်။
လဝါးကျေးရွာအနီးရှိ ရပ်မိရပ်ဖတစ်ဦးက “အဲ့သတင်းက မှန်ပါတယ်။ စစ်ကောင်စီတွေရဲ့ အလောင်း ၁၃လောင်းနဲ့ အရှင်တစ်ဦး ဖမ်းထားတယ်။” ဟု ယမန်နေ့တွင် ပါဂျောင်မီဒီယာသို့ အတည်ပြုပြောထားသည်။
စစ်ကောင်စီတပ်သားများနှင့်မင်းဇေသန့်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ တပ်စွဲထားသော လဝါးဆုတောင်းတောင်ကို KIAပူးပေါင်းတပ်ဖွဲ့များက မေလ(၁)ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ ယမန်နေ့ မေလ(၂)ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
လဝါးကျေးရွာအနီးဝန်းကျင်တွင် ပြီးခဲ့သည့် ဧပြီလဆန်းကတည်းက နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများမှ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သဖြင့် နေအိမ်ပေါင်း (၂၀၀)ကျော် ပျက်စီးခဲ့ရပြီး ဖြစ်ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
သတင်း - ထုဆိုင်း




Comments