top of page

လဝါးကျေးရွာအနီးတစ်ဝိုက်သို့ စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပြီး၊နေအိမ်များမီးရှို့ဖျက်ဆီးခံနေရ

  • Writer: Pajau Media
    Pajau Media
  • Apr 21, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၁ရက်၊ဧပြီလ၊၂၀၂၅။




စစ်ရေးတင်းမာနေသည့် ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်း လဝါးကျေးရွာတွင် မြစ်ကြီးနားမှတက်လာသည့် လေယာဉ်ဖြင့် ယမန်နေ့အထိ ဗုံးကြဲတိုက်ခိုက်ခြင်းရှိနေဆဲဖြစ်ပြီး၊ ဒေသခံများ၏ နေအိမ်များ မီးလောင်နေဆဲဖြစ်သလို စစ်ရေးတင်းမာမှုဆက်လက်ပြင်းထန်နေကြောင်း သိရသည်။


လဝါးကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် မင်းဇေသန့်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များ ခြေလျင်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် ဧပြီလ ၁၉ရက်နေ့တွင်လည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။


စစ်ကောင်စီတပ်နှင့် မင်းဇေသန့်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များမှာ လဝါးကျေးရွာရှိ ဒေသခံများ၏ နေအိမ်(၁၀၀)နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သလို နေအိမ်အတွင်းမှ အဖိုးတန်ပစ္စည်းများကိုလည်း စိတ်ကြိုက်ခိုးယူသွားကြောင်း သိရသည်။


စစ်ကောင်စီတပ်ဖွဲ့မှ အပစ်အခတ်ရပ်စဲရေး စာထုတ်ပြန်ထားသော်လည်း ကချင်ပြည်နယ်တွင် နေ့စဉ်အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးလေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ထို့ကြောင့် နေအိမ်အပျက်အစီးများ၊ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။


လာမည့် ဧပြီ၂၂ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်ကြေညာထားသည့် အပစ်အခတ်ရပ်စဲရေးသက်တမ်းကုန်ဆုံးမည်ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page