top of page

လဝါးယန်ပြည်သူ့စစ်နယ်မြေအတွင်း စစ်တပ်မှ စစ်ကြောင်းထိုးလှုပ်ရှားမှုများ လုပ်ဆောင်လာသောကြောင့် ဒေသခံများ စိုးရိမ်နေ

  • Writer: Pajau Media
    Pajau Media
  • Dec 31, 2024
  • 1 min read

ပါဂျောင်မီီဒီယာ။

၃၁ရက်၊ဒီဇင်ဘာ၊၂၀၂၄။



အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ လဝါးယန်ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ သေဆုံးပြီးနောက်၊ အဆိုပါ ပြည်သူ့စစ်နယ်မြေတွင် စစ်ကောင်စီတပ်သားများမှ စစ်ကြောင်းလှုပ်ရှားမှုများလုပ်ဆောင်လာသောကြောင့် ယင်းနယ်မြေရှိ ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။


ဒီဇင်ဘာလဆန်းပိုင်းမှစပြီး လဝါးယန်ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါနယ်မြေဖြစ်သည့် ဂွေထုကျေးရွာ၊ နောင်ချိန်းကျေးရွာ၊ လဘန်ကထောင်ကျေးရွာနှင့် အင်ဂန်းကျေးရွာများသို့ စစ်ကောင်စီတပ်သား (၁၀၀)နီးပါးက စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြရခြင်း ဖြစ်သည်။




အဆိုပါ စစ်ကောင်စီတပ်သားများမှာ လမ်းသွားလမ်းလာ ပြည်သူများကို ပိုက်ဆံကောက်ခံခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ ခြိမ်းခြောက်ပြောဆိုခြင်းများ ပြုလုပ်နေသည့်အပြင် ပြည်သူတစ်ဦးကိုအကြောင်းမဲ့ နှိပ်စက်ကာ သေနတ်ဖြင့် ပစ်သတ်မှုတွေအထိရှိခဲ့သည်ဟု ဆိုသည်။ ပစ်သတ်ခံရသည့် ပြည်သူမှာ ကချင်အမျိုးသားတစ်ဦးဖြစ်ပြီး၊ အမဲလိုက်ပြီးတောမှ ပြန်လာစဉ် တောလမ်းတစ်နေရာတွင် စစ်ကြောင်းထိုးနေသည့် တပ်သားများနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး၊ မသင်္ကာမှုဖြင့် နှိပ်စက်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။


ထိတွေ့တိုက်ပွဲများကြောင့် ဝိုင်းမော်ဒေသမှ ပြည်သူတစ်ထောင်ကျော်မှာ ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ ရှိစဉ်ကတည်းက အဆိုပါနယ်မြေသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြပြီးဖြစ်သလို ဦးလဆန်အောင်ဝါ သေဆုံးပြီးနောက်ပိုင်းလည်း စစ်တပ်မှအင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး လှုပ်ရှားမှုများ လုပ်ဆောင်လာသောကြောင့် ဒေသခံများ မှာ မိမိတို့လုံခြုံရေးနှင့် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page