ဝှေခါမှော်မှ အခြေခံ လူတန်းစားများ အလုပ်အကိုင် အခွင့်အလမ်းရရှိရန် တောင်းဆိုပွဲပြုလုပ်
- Pajau Media

- Apr 28, 2024
- 1 min read
ပါဂျောင်မီဒီယာ
၂၈ရက်၊ ဧပြီလ၊၂၀၂၄ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဝှေခါမှော်မှ အခြေခံ လက်လုပ်လက်စားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ဧပြီလ ၂၇ရက်၊ နံနက် ၈နာရီအချိန်တွင် တောင်းဆိုပွဲ ပြုလုပ်ကျင်းပခဲ့သည်ဟု ယင်းပွဲတွင် ပါဝင်သူများက ပြောသည်။
ပါဝင်သူများ ပြောပြချက်အရ ဝှေခါမှော်တွင် ထိန်းချုပ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကျောက်စိမ်းတူးဖော်ခွင့်ကို ပိတ်ပင်ထားခဲ့သည်မှာ ၃နှစ်ခန့် ကြာနေပြီဖြစ်သောကြောင့် ဒေသခံများအနေဖြင့် တနိုင်တပိုင် လုပ်စားခွင့်ရနိုင်ရန် တောင်းဆိုသည်ဟု ဆိုသည်။

"၂၀၂၁ခုနှစ် ကုန်ပိုင်းကတည်းက ကျောက်စိမ်းတူးဖော်ခွင့် ပိတ်လိုက်တာမို့ တစ်နိုင်တစ် ပိုင်လုပ်စားတဲ့ ကျွန်တော်တို့အတွက် အလုပ်အကိုင်မရှိ ဖြစ်သွားတယ်။ ဘက်ဟိုးနဲ့ တူးတဲ့သူတွေဆီကကျတော့ အခွန်တွေအများကြီးကောက်ပြီး တူးခိုင်းတယ်၊ တစ်နိုင်တစ်ပိုင် လုပ်စားတဲ့သူတွေကို တူးခွင့်မပြုတော့ ဖားကန့်ထိ ကျောက်သွားရှာရတဲ့ အခါမှာ အဆင်မပြေတော့ဘူးပေါ့၊ ဒီနောက်ပိုင်းမှာက ဖားကန့်မှာ ရေမဆေးရှာခွင့်ရဖို့ကလဲ တအားခက်လာတယ်၊ စားဝတ်နေရေးက ခက်သထက်ခက်လာတာမို့ ခုလိုမျိုး တောင်းဆိုပွဲ လုပ်ရတာဖြစ်တယ်"ဟု ဝှေခါဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ်မှစ၍ လက်နက်ကိုင်အဖွဲ့အစည်းများမှ ကျောက်စိမ်းတူးဖော်ခွင့် ပိတ်ပင်ထားခဲ့ပြီးဖြစ်သော်လည်း အချို့လုပ်ငန်းရှင်များမှာ ဘက်ဟိုးစက်များဖြင့် တူးဖော်လုပ်ကိုင်နေကြသောကြောင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်နေသည့် ဝှေခါဒေသခံများများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး တောင်းဆိုကြခြင်း ဖြစ်သည်ဟု ဆိုသည်။
သတင်း - ကချင်ပြည်သား




Comments