ဝိုင်းမော်-ဗန်းမော်သွားလမ်းမပေါ်ရှိ စစ်ဘေးရှောင်ခဲ့ရသည့်ကျေးရွာများတွင် ဒေသခံများပြန်လည်အခြေချနေထိုင်နိုင်သော်လည်း ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများပြန်လည်ထူထောင်ရန်လိုအပ်နေ
- Pajau Media
- Apr 22
- 1 min read
ပါဂျောင်မီဒီယာ။
၂၂ရက်၊ဧပြီလ၊၂၀၂၅။
စစ်ဘေးရှောင်စခန်းမှ မိမိနေရပ်ရင်းဒေသသို့ ပြန်လည်အခြေချ နေထိုင်ကြသည့် အချို့ဒေသများတွင် ကျောင်းဖွင့်လှစ်သင်ကြားချိန် ရောက်လာသော်လည်း ကျောင်းမဖွင့်နိုင်သေးသောကြောင့် ကျောင်းသားများ ပညာရေးနှောင့်နှေးမည်ကို ကျောင်းသားမိဘများ စိုးရိမ်နေကြကြောင်း သိရသည်။
“ကျောင်းဖွင့်မယ်လို့တော့ ကြားတယ်။ ဒါပေမယ့် အခုထိ ကျောင်းဆောင်ကို ပြန်လည်မွမ်းမံ ပြင်ဆင်တာတွေတော့ မလုပ်ရသေးဘူး။ အားလုံးကလည်း ကိုယ်ထူကိုယ်ထဆိုတော့ ကိုယ့်ခြံ၊ ကိုယ့်အိမ်ဝင်းကို အရင်ဦးစားပေးနေရတယ်။ ကျောင်းက အရင်ကထားခဲ့တဲ့အတိုင်း ချုံနွယ်တွေနဲ့ မရှင်းနိုင်သေးဘူး။” ဟု ဂါးရာယာန်ဒေသခံတစ်ဦးက ပြောသည်။
ဝိုင်းမော်-ဗန်းမော်သွားလမ်းမပေါ်ရှိ ဂါးရာယာန်ကျေးရွာအပြင် နမ်ဆန်ယာန်၊ ဒဘတ်၊ ကဇူးကျေးရွာနှင့် ဂျာပူကျေးရွာတို့မှာ ၂၀၁၁ခုနှစ် တစ်ကြော့ပြန်တိုက်ပွဲကြောင့် ဆယ်စုနှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ဝိုင်းမော်-မိုင်းနားစစ်ရှောင်စခန်းနှင့် အခြားစစ်ရှောင်စခန်းများတွင် နေထိုင်နေခဲ့ကြသည်။
လက်ရှိ စစ်ရှောင်များမှာ နေရပ်ရင်းသို့ပြန်လာကာ စားဝတ်နေရေးအတွက် ကိုယ်ထူကိုယ်ထ တောင်ယာ၊လယ်မြေနှင့် စိုက်ခင်းများ လုပ်ကိုင်နေပြီဖြစ်ပေမယ့် သားသမီးများ ပညာရေးပိုင်းဆိုင်ရာအတွက် ကျောင်းဖွင့်လှစ်သင်ကြားနိုင်ရန် မွမ်းမံပြင်ဆင်မှုများ မလုပ်ဆောင်နိုင်သေးသောကြောင့် စိုးရမ်နေရသည်။
ဆယ်စုနှစ်ကြာ ထွက်ပြေးတိမ်းရှောင်ထားခဲ့သည့် နေရပ်ရင်းဒေသဖြစ်သောကြောင့် ပညာရေးအပြင် ကျန်းမာရေးနှင့် ရေ၊မီးအစုံ ရရှိရေးအတွက် အစစအရာရာ ခက်ခဲနေကြပြီး၊ ကိုယ်ထူကိုယ်ထ ကြိုးပမ်းနေချိန်လည်း ဖြစ်သည်ဟု ဆိုသည်။
ကျေးရွာအတွင်း ပြန်လည်ထူထောင်ရေးတွင် အရေးကြီးဆုံး ဦးစားပေးရေးမှာ ကလေးငယ်များ၏ ပညာရေးနှင့် ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများဖြစ်သဖြင့် အမြန်ဆုံးကူညီဆောင်ရွက်ပေးရန် ကလေးမိဘများလိုလားနေကြသည်။
သတင်း - ထုဆိုင်း
Comments