ဝိုင်းမော်မြို့နယ် တိုက်ပွဲနေရာများအတွင်း သုံးရက်တာ ပိတ်မိနေသော ဒေသခံပြည်သူများ စားသောက်ကုန်နှင့် သောက်ရေအခက်အခဲ ဖြစ်နေ
- Pajau Media

- Mar 9, 2024
- 1 min read
ပါဂျောင်မီဒီယာ
၉ရက် ၊မတ်လ ၊၂၀၂၃ခုနှစ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA/KPDF) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲကြောင့် ၃ရက်တာ ပိတ်မိနေသည့် ရွှေညောင်ပင်၊ အောင်မြေ (၁)၊ (၂) ကျေးရွာမှ ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲနှင့် လက်နက်စထိမှန်မည်ကို အထူးစိုးရိမ်နေကြရသည်ဟု ဒေသခံများက ပြောသည်။
“တိုက်ပွဲက ပြင်းထန်နေတော့ နေနေ့ညည သတိထားပြီး နေရတယ်၊ စားသောက်ရေးအတွက်လည်း ချက်ပြုတ်ချိန်မရတော့ ထမင်းမစားရတာ ၂ရက်ရှိပြီး ကလေးတွေလည်း အရင်ကဝယ်ထားတဲ့ မုန့်၊ ခေါက်ဆွဲခြောက်တွေပဲ စားနေရတယ်၊ အခုတော့ စားစရာမရှိတော့ဘူး၊ အလေးတွေက ဗိုက်ဆာလို့ အော်ငိုနေတယ် ဘယ်လိုလုပ်ရမလဲ မသိဘူး” ဟု အောင်မြေ(၁) ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
အထူးသဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ ဆာလောင်မှုဒဏ်ကို အပြင်းအထန် ခံစားနေရကြောင်းနှင့် တိုက်ပွဲကြောင့် ကျရောက်ပေါက်ကွဲလာသည့် လက်နက်စများ ထိမှန်မည်ကို စိုးရိမ်ကြရသည်ဟု ဆိုသည်။
“တစ်မြန်နေ့ မနက်၅နာရီအချိန်ကတည်းက လက်နက်ကြီးပေါက်ကွဲသံတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထမင်းချက်စားလို့ မရတော့သလို အရင်နေ့တွေက စုဆောင်းဝယ်ယူထားတဲ့ မုန့်တွေနဲ့ အစာခြောက်တွေလည်း ကုန်သွားပြီ၊ ကလေးတွေက ဆာလောင်ပြီး ငိုကြွေးနေကြတယ်” ဟု အောင်မြေ(၁) ကျေးရွာမှ ဒေသခံတစ်ဦးက ဆက်ပြောသည်။
အလားတူ ဝိုင်းမော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များလည်း ပိတ်မိနေသည့် ဒေသခံများအား သွားရောက်ကူညီရန်မှာ ကျေးရွာကို အဝင်အထွက် ပိတ်ထားသောကြောင့် သွားရောက်ကူညီ၍ မရသည့်အပြင် အရပ်ဘက်အဖွဲ့အစည်းအချို့ကလည်း ကူညီကယ်ဆယ်ရေးအတွက် အာဏာပိုင်များထံ ခွင့်တောင်းနေသည်ဟု ကူညီကယ်ဆယ်ရေးတွင် ပါဝင်လှုပ်ရှားနေသူတစ်ဦးက ပြောသည်။
“ပိတ်မိနေတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ခွင့်ပြုမိန့်တောင်းနေတယ် အခုက တိုက်ပွဲပြင်းထန်နေတော့ ခွင့်ပြုမိန့်မရသေးဘူး”
မတ်လ၇ရက်နေ့ နံနက်ပိုင်းအချိန်မှစပြီး မြစ်ကြီးနား-ဗန်းမော်ကားလမ်းသွား တစ်လျှောက်ရှိ ပြည်သူ့စစ်စခန်းအချို့ကို KIAမှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယင်းဒေသရှိ ကျေးရွာ၏ အဝင်အထွက်များအားလုံးကို ပိတ်ပင်ထားခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲကြား ပိတ်မိနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသခံများ ယင်းတိုက်ပွဲကြား ပိတ်မိနေခဲ့သည်မှာ ယနေ့အချိန်ထိဆိုလျှင် ၃ရက်နီးပါး ရှိလာခဲ့ပြီ ဖြစ်၍ ဒေသခံများ၏ စားသောက်ကုန်များလည်း လျော့နည်းလာတာကြောင့် ခက်ခဲမှုများ ရှိလာသည်ဟု ဆိုသည်။
ယခုအချိန်တွင် အောင်မြေ (၁) ပြည်သူများသည် အောင်မြေ (၁) ဘုရားကျောင်းတွင် စုဝေးနေကြရပြီး၊ ကျန်ကျေးရွာများလည်း အနီးအနားရှိ ကျည်ကွယ်ရာ နေရာများတွင် ရှောင်ပြေးကာ၊ စားဝတ်နေရေး အခက်အခဲနှင့် သောက်ရေလိုအပ်ချက်များ ရှိလာေနသည်ဟု ပြောသည်။ ထို့အပြင် ယင်းဒေသရှိ ဒေသခံလူဦးရေများမှာ စုစုပေါင်း တစ်သောင်းနီးပါးခန့်ရှိနိုင်သည်ဟု ဆိုသည်။
ထို့အပြင် ရွှေညောင်ပင်ကျေးရွာတွင် ပိတ်မိနေသော သင်းအုပ်ဆရာကြီးမှလည်း လေယာဉ်ပျံများဖြင့် မကြာခဏ လာရောက်ပစ်ခတ်သဖြင့် ကျည်ကွယ်ရာနေရာများတွင် ရွေ့ပြောင်းပုန်းအောင်းနေပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် နေအိမ်အချို့ မီးလောင်နေကြောင်းလည်း ပြောသည်။
ယခုအချိန်ထိ အောင်မြေ(၁) နှင့် ရွှေညောင်ပင်ကြားရှိ လယ်ကွင်းများထဲတွင် KIA/KPDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်သောကြောင့် ပိတ်မိနေပြည်သူများ အသက်အန္ဒရာယ်နှင့် စားေသာက်ကုန်၊ သောက်ရေများအတွက် စိုးရိမ်နေရသည်ဟု ရွှေညောင်ပင် ဒေသခံများက ပြောသည်။
သတင်း - လေပြေ




Comments