top of page

ဝိုင်းမော်မြို့နယ်၊မိုင်းနားကျေးရွာတွင် စစ်ကောင်စီတပ်က လှုပ်ရှားမှုပိုမိုလုပ်ဆောင်လာပြီး ည၈နာရီနောက်ပိုင်းအပြင်မထွက်ရအမိန့်ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Dec 17, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၇ရက်၊ဒီဇင်ဘာ၊၂၀၂၄။




စစ်ကောင်စီတပ်များသည် ဝိုင်းမော်မြို့အနီးတစ်ဝိုက်ရှိကျေးရွာများအတွင်း ဝင်ရောက်လှုပ်ရှားမှုပိုမိုလုပ်ဆောင်နေပြီး ဒီဇင်ဘာလဆန်းပိုင်းမှစ၍ မိုင်းနားကျေးရွာအတွင်း ည ၈ နာရီနောက်ပိုင်း အပြင်ထွက် ပါက ဖမ်းဆီးမည်ဟု အမိန့်ထုတ်ထားကြောင်းဒေသခံများကပြောသည်။ အဆိုပါ မိုင်းနားကျေးရွာသည် မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတားအနီးတွင်တည်ရှိပြီး စစ်ရှောင်စခန်းများတည်ရှိရာကျေးရွာတစ်ခုဖြစ်သည်။


ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒီဇင်ဘာလဆန်းမှစပြီးလှုပ်ရှားမှုပိုမိုလုပ်ဆောင်လာပြီး မိုင်းနားစစ်ရှောင်စခန်း အနီးတစ်ဝိုက်တွင် လှုပ်ရှားနေသည်သာမက ရံဖန်ရံခါ စစ်ရှောင်စခန်းအဝင်တံခါးတွင် နေရာယူကာ အသွားအလာစစ်ဆေးခြင်းများလုပ်နေတာကြောင့် စစ်ရှောင်ပြည်သူများ လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်းစစ်ရှောင်ပြည်သူတစ်ဦးကပြောသည်။


“ မိုင်းနား စစ်ရှောင်စခန်း အနီးအနားမှာပဲ လှုပ်ရှားနေကြတယ်၊ တစ်ခါတစ်လေ စခန်းအဝင်တံခါး အနားမှာရပ်ပြီး အသွားအလာစစ်ဆေးတယ်၊ နဂိုကတည်းက စစ်သားတွေ ကိုဆိုမြင်တာနဲ့ကြောက်ကြတယ်လေ အခုလိုပြန်စစ်ဆေးတော့ လုံခြုံရေးအတွက်အမြဲစိုးရိမ်ရတယ်၊ အသက်ကြီးတဲ့သူတွေဆိုပို ဆိုးတယ် ဗမာစကားက ကောင်းကောင်း မပြောတတ်နဲ့ ကြောက်က ကြောက်ပဲနေရတယ်”ဟု ပြောသည်။


လက်တလောတွင် စစ်ကောင်စီတပ်က ဝိုင်းမော်မြို့ပေါ်တွင်သာမက မြစ်ကြီးနားမြို့တွင်းတွင်လည်း ပိုမိုလှုပ်ရှားလာနေပြီး အဖမ်းအဆီးများလာခြင်းကြောင့် မလိုအပ် ပဲ ညဘက်အပြင်မထွက်ခြင်းက အကောင်း ဆုံးဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦး က...


“မြစ်ကြီးနားမြို့တွင်းမှာလည်း အခုတစ်လောပိုလှုပ်ရှားလာတယ်၊ မြို့တွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေးဘက်ကလူတွေ ကို အရမ်းဖမ်းတယ်ပြောတယ်၊ ဖြစ်နိုင်ရင် ညဖက် အပြင်မထွက်တာက အကောင်းဆုံး ပေါ့” ဟု မြစ်ကြီးနားဒေသခံကပြောသည်။


စစ်ကောင်စီတပ်က ဒီဇင်ဘာလဆန်းမှ စပြီး စစ်ရှောင်ပြည်သူများနေထိုင်သည့် နောင်းချိန်းကျေးရွာတွင်လည်း နေရာယူလှုပ်ရှားနေသည်မှာ လက်ရှိအချိန်ထိဖြစ်ပြီး တိုက်ပွဲများပြင်းထန်လာမည်ကို စစ်ရှောင်နှင့်ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page