top of page

ဝိုင်းမော်မြို့နယ်ရှိ ဂျာပူကျေးရွာတွင်ပြန်လည်ထူထောင်ရေးများ စတင်လုပ်ဆောင်

  • Writer: Pajau Media
    Pajau Media
  • Oct 8, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊အောက်တိုဘာ၊၂၀၂၄။



ကချင်လွှတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ၀၃၀၇စစ်ဆင်ရေးနောက်ပိုင်း မြစ်ကြီးနား-ဗန်းမော်သွား လမ်းတကြောရှိ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်စခန်းများကို KIA က တပြိုင်နက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပြီးနောက် ဝိုင်းမော်မြို့နယ်မှ ဂျာပူကျေးရွာကို ပြန်လည်ထူထောင်ရန် ကြိုးစားပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။


ဂျာပူကျေးရွာပြန်လည်ထူထောင်ရေးတွင် လိုအပ်ချက်များစွာ ရှိနေသေးသည့်အပြင် အရေးကြီးဆုံးမှာ ကျေးရွာတစ်ရွာတွင် မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေးဌာန၊ ပညာရေးဌာနနှင့် လျှပ်စစ်မီး စသည့် လိုအပ်ချက်များ အရေးတကြီးလိုအပ်နေသေးသောကြောင့် သက်ဆိုင်ရာအစိုးရမှ တာဝန်ယူလုပ်ဆောင်ပေးစေလိုသည်ဟု ယင်းဒေသမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ဂျာပူကျေးရွာဒေသခံများမှာ တစ်ကြော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ၂၀၁၁ခုနှစ်မှစ၍ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး နေရပ်ရင်းဒေသကို ပြန်လည်အခြေချနေထိုင်ရန် ပြီးခဲ့သည့် ၂၀၂၀ခုနှစ်ကတည်းက အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် နိုင်ငံရေးနှင့် စစ်ရေးအခြေအနေ မတည်မငြိမ်မှုများကြောင့် နေရပ်ရင်းသို့ ပြန်လည်အခြေချ နေထိုင်ရန် ခက်ခဲခဲ့ကြောင်း သိရသည်။




ယခုနှစ် မတ်လ၇ရက်နေ့တွင် စတင်ခဲ့သည့် KIA၏စစ်ဆင်ရေးကြောင့် မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများနှင့် ပြည်သူ့စစ်စခန်းများကို သိမ်းပိုက်ပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့သည့်ဂျာပူကျေးရွာဒေသသို့ တောင်ယာလုပ်ငန်းလုပ်ကိုင်ရင်း ပြန်လည်အခြေချနေထိုင်ရန် နယ်မြေရှင်းလင်းရေးနှင့် ကျေးရွာသန့်ရှင်းရေးများ လုပ်ဆောင်ကာ ပြန်လည်တည်ဆောက်နေပြီဟု ဆိုသည်။

ထို့ကြောင့် နေရပ်ရင်းဖြစ်သည့် ဂျာပူကျေးရွာကို ပြန်လည်ထူထောင်မည့် စီမံကိန်းများ စတင်လုပ်ဆောင်နေပြီး၊ ကျေးရွာအုပ်ချုပ်ရေးရုံးကိုလည်း အောက်တိုဘာ၅ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


ဂျာပူကျေးရွာသည် အိမ်ထောင်စု (၃၀၀)နီးပါး မှီတင်းနေထိုင်ကြသည့် ကျေးရွာတစ်ခုဖြစ်ပြီး၊ ၂၀၁၁ခုနှစ်တကြော့ပြန်တိုက်ပွဲကြောင့် မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့နှင့် KIO အုပ်ချုပ်ရေးဒေသများဖြစ်သည့် ပါဂျောင်၊ ရှအစ်ယာန်၊ ဂျေယာန်စသည့် ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။


လက်ရှိတွင် ဂျာပူကျေးရွာအပြင် နမ့်ဆန်ကျေးရွာ၊ ဘန်ဒေါင်ကျေးရွာ၊ နော့ဂူကျေးရွာ၊ ဘန်ဆောင်ကျေးရွာ၊ ဒဘတ်ယာန်ကျေးရွာ၊ ကဇူးကျေးရွာနှင့် ဂါးရာယန်ကျေးရွာ စသည့်ကျေးရွာများလည်း နေရပ်ရင်းသို့ ပြန်လည်နေထိုင် နေကြပြီဖြစ်ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page