top of page

ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီးတွင် KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ပြင်းထန်လာပြီး မြစ်ကြီးနားမြို့တွင် လုံခြုံရေး တင်းကျပ်

  • Writer: Pajau Media
    Pajau Media
  • May 26, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊မေလ၊၂၀၂၅။




ဝိုင်းမော်-လမြန်ကျေးရွာဝန်းကျင်တွင် KIAနှင့် စစ်ကောင်စီတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။


မေလ၂၃ရက်နေ့ကတည်းက လမြန်ကျေးရွာဘက် စစ်ကောင်စီတပ်ဖွဲ့များ စစ်အင်အားအလုံးအရင်းဖြင့် တစ်ဖန်စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရဖြစ်ကာ စစ်တပ်က မြစ်ကြီးနားဘက်မှ လမြန်ကျေးရွာဘက်ကို ဒရုန်း၊လက်နက်ကြီးများဖြင့် ဦးစွာပစ်ခတ်တိုက်ခိုက်ပြီး စစ်ကြောင်းဖြင့် တစ်ဖန်လှုပ်ရှားလာသောကြောင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။


ဒေသခံတစ်ဦးက မေလ၂၄ရက်နေ့အထိ ဝိုင်းမော်-လမြန်ကျေးရွာဘက် တိုက်ပွဲပြင်းထန်နေခဲ့ပြီး၊ မြစ်ကြီးနားဘက်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှလည်း လက်နက်ကြီးများဖြင့် ညစဉ်ပစ်ခတ်လေ့ရှိသည်ဟု ပြောသည်။


“မြစ်ကြီးနားကနေဆို လက်နက်ကြီးသံတွေ အဆက်မပြတ်ပစ်ခတ်နေတာတွေ ညတိုင်းကြားနေရတာပဲ။ အခုဆို မြစ်ကြီးနားမှာကော ဝိုင်းမော်ဘက်ကော ဗလမင်းထင်တံတားတွေမှာကော စစ်ဆေးတာတွေ အမြဲတမ်း လုပ်နေကြတယ်။ သတိနဲ့သွားလာနေရတယ်။” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။


မေလ၂၁ရက်နေ့ကကတည်းက မြစ်ကြီးနားမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့များ စစ်ဆေးတင်းကြပ်မှုများ ပိုမိုလုပ်ဆောင်လာသည့်အပြင် လမ်းသွားလမ်းလာပြည်သူများနှင့် မသင်္ကာသူများကို စစ်ဆေးရေးများ လုပ်ဆောင်နေဆဲဟု ဆိုသည်။


တစ်ဖက်မှာလည်း ဖားကန့်ဒေသ နမ့်တိန်းကျေးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး၊ မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းတွင် ယနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page