top of page

ဝိုင်းမော်မြို့ရှိ ခလရ(၅၈)နှင့်ဝူယာန်ပြည်သူ့စစ်ဂိတ်များတွင် ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားခြင်းကြောင့် ခရီးသွားပြည်သူများအခက်ကြုံနေ

  • Writer: Pajau Media
    Pajau Media
  • Jan 28, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၈ရက်၊ဇန်နဝါရီ၊၂၀၂၅။



ကချင်ပြည်နယ်၊ ဝိုင်းမော်-ကန်ပိုင်တည် ကားလမ်းမပေါ်တွင်ရှိသည့် ခလရ(၅၈)တပ်စခန်းရှေ့တွင် စစ်ကောင်စီတပ်များ ဂိတ်အထိုင်ချကာ သွားလာဖြတ်သန်းခွင့် ပိတ်ပင်ထားသည်မှာ နှစ်လကျော် ကြာမြင့်လာပြီး ခရီးသွားပြည်သူများ လမ်းခရီးအခက်အခဲ ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။


“ဂိတ်လုပ်ထားတာတော့ကြာပြီ အစပိုင်းမှာက ကျော်လို့ရတယ်။ အချိန်နဲ့အဖွင့်ပိတ်လုပ်ပြီး သွားလာလို့ရတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း လုံးဝသွားလာလို့ မရတော့ဘူး။ အဲ့တာကြောင့် သွားစရာလာစရာရှိရင် ကွင်းလမ်းကနေဘဲ သွားနေရတယ်’’ ဟု ခရီးသွားပြည်သူတစ်ဦးက ဆိုသည်။


ခရီးသွားများ ပြောဆိုချက်အရ ဂိတ်စတင်ပိတ်ပင်ချိန်တွင် အချိန်အကန့်အသတ်ဖြင့် ဖြတ်သန်းသွားခွင့် ရှိသော်လည်း နောက်ပိုင်းတွင် လုံးဝပိတ်ဆို့လိုက်သောကြောင့် ဝိုင်းမော်-ကန်ပိုင်တည် ခရီးသွားလာသူများမှာ ကွင်းလမ်းမှတစ်ဆင့် ခက်ခက်ခဲခဲသွားလာနေကြရခြင်းဖြစ်သည်။


အဆိုပါ ကွင်းလမ်းမှာ ဖုန်ထူထပ်ပြီး ကားလမ်းကြမ်းတမ်းသောကြောင့် ပန်ဝါ၊ဖီမှော်သွားမည့် ကား၊ ဆိုင်ကယ် အခြေအနေအား ခရီးသွားတစ်ဦးက...

“လမ်းက ဆိုင်ကယ်တောင် မနည်းမောင်းပြီးသွားနေရတယ်။ ကားဆိုရင် ဖြည်းဖြည်းချင်းမောင်းပြီး သွားလာရတယ်။ လမ်းကအရမ်းကြမ်းတော့ မြန်မြန်မောင်းဖို့က ဘယ်လိုမှ အဆင်မပြေဘူး’’ ဟု ပြောသည်။


ထို့ကြောင့် ဒေသခံများမှာ အဆိုပါစစ်တပ်ဂိတ်အား ဆက်လက်ပိတ်ပင်ထားပါက ကွင်းလမ်းမှာ ယခုထက် ပိုမိုဆိုးရွားလာပြီး သွားလာရ ပိုမိုခက်ခဲလာနိုင်သောကြောင့် ဂိတ်အား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်စေလိုကြောင်း ပြောသည်။


အဆိုပါဂိတ်အား ပြီးခဲ့သည့် နိုဝင်ဘာ၂၅ရက်နေ့ကတည်းကစပြီး ယာယီပိတ်ပင်ထားခဲ့ရာ ၂၆ရက်နေ့မှာတော့ အပြီးတိုင်ပိတ်ချလိုက်ခြင်းဖြစ်ပြီး ယခုအချိန်ထိ နှစ်လကျော်ကြာမြင့်လာပြီဖြစ်သည်။


ထို့အပြင် ခ.လ.ရ (၅၈)တပ်ရင်းနှင့် ဝူယာန်ပြည်သူ့စစ်ဂိတ်များမှာ ဝိုင်းမော်-ကံပိုင်တည်သွား လမ်းမပေါ်ရှိ နေရာများဖြစ်ပြီး၊ ကုန်တင်ကား၊ ဆိုင်ကယ်နှင့် ခရီးသွားပြည်သူများ၏ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page