ဝိုင်းမော်မြို့ရှိ လယ်လုပ်တောင်သူများ စပါးနှံ အချိန်မှီရိတ်သိမ်းနိုင်ရေးအတွက် ရိတ်ချွေစက် အလုအယက် ခေါ်ယူနေရ
- Pajau Media

- Dec 13, 2023
- 1 min read
ပါဂျောင်မီဒီယာ

ဝိုင်းမော်မြို့အတွင်း စပါးနှံရိတ်ချွေစက် နည်းပါးခြင်းနှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုတို့ကြောင့် စပါးနှံ အချိန်မှီ မရိတ်သိမ်းနိုင်ဘဲ ခြောက် ကပ်ပြီးကျိုးကုန်သည့်အပြင် လယ်လုပ်တောင်သူများ အရှုံးပေါ် နေသည်ဟု ဒေသခံများပြောကြားချက်အရ သိရသည်။
“စပါးနှံတွေက အချိန်မှီ မရိတ်နိုင်လို့ ခြောက်ပြီးကျိုးကုန်တယ်။ ချွေစက်လည်း ကိုယ့်အလှည့်ရောက်ဖို့ တော်တော်စောင့်ရတယ်။စပါးနှံ ရိတ်ချွေစက်လည်း အရင်လကတည်းက ရက်ချိန်းထားတာ ဒီနေ့၁၃ရက်နေ့မှ ရိတ်ချွေစက်ဝင်နိုင်တယ်” ဟု လယ်ဧက ၂၀ကျော် လုပ်ကိုင်နေသူ ဦးအောင်နန်က ပြောပြခဲ့ပါသည်။
တစ်ဖက်မှလည်း ဆီဈေးနှုန်းများ မြင့်တက်လာကာ ယခင်နှစ်ထက် ရိတ်ချွေစက် ငှားရမ်းခဈေးနှုန်း မြင့်မားလာခြင်းနှင့် အချိန်မှီ မရိတ်သိမ်းနိုင်ဘဲ ခြောက်ပြီး ကျိုးကုန်သောကြောင့် အရှုံးပေါ်နေသည်ဟု အထက်ပါပုဂ္ဂိုလ် က ဆက်လက်ပြောပြခဲ့ပါသည်။
ရိတ်ချွေခအား ယခင်လ၌ တစ်ဧကလျှင် တစ်သိန်း ပေါက်ဈေးရှိခဲ့သော်လည်း ယခုလတွင် အဖက်ဖက်မှ ဆီဈေးနှုန်းမြင့်တက်လာမှုအပြင် နိုင်ငံရေးကြပ်တည်းလာမှုတို့ကြောင့် တစ်သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

ရိတ်ချွေစက်ပိုင်ရှင် ဦးအောင်လွန်မှလည်း ဆီဈေးနှုန်းမြင့်တက်လာမှုနှင့် အကန့်အသတ်ဖြင့်သာ ရောင်းချလာမှုတို့ကြောင့် အခက်အခဲရှိနေကြောင်းကို ပါဂျောင်မီဒီယာသို့ ယခုလို ပြောကြားလာပါသည်။
“မနှစ်ကတော့ တစ်ဧကကို ၈၅၀၀၀ကျပ်အထိ ဈေးရှိတယ်။ ဒီနှစ်တော့ နိုဝင်ဘာ အစောပိုင်းမှာ ၉၅၀၀၀ကျပ်နဲ့ စလုပ်တာ အခုတော့ ၁၃၀၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေပြီ။ အခက်အခဲကတော့ လယ်ကွက်သေးရင် စက်လှည့်ရတာများတော့ အချိန်နဲ့ ဆီပိုကုန်တယ်။ လယ်ကွက်သေး တာ များတဲ့လယ်ယာတွေဆိုရင် အရှုံးပေါ်တယ်”
ဝိုင်းမော်မြို့အတွင်း စပါးနှံ ရိတ်ချွေစက် စုစုပေါင်း ၅ခုလောက်သာ ရှိသောကြောင့် လယ်လုပ်တောင် သူများ ရိတ်ချွေစက် အလုအယက် ခေါ်ယူနေကြရသည့်အပြင်၊ ယခုနှစ်မှာ ယခင်နှစ်ထက် စပါးနှံရိတ်သိမ်းချိန် များစွာနောက်ကျနေသည်ဟု လယ်လုပ်တောင်သူများဆီမှ သိရသည်။
ယခုနှစ်အတွင်း ဝိုင်းမော်မြို့ရှိ လယ်လုပ်တောင်သူများမှာ လက်ရှိနိုင်ငံရေး အကြပ်အတည်းနှင့် ကုန်ဈေးနှုန်းအပြင် စက်သုံးဆီ ဈေးနှုန်း မြင့်မားလာမှုတို့ကြောင့် ရိတ်ချွေစက်ပိုင်ရှင်များ အပါအဝင် လယ်လုပ်တောင်သူများ စပါးနှံ အချိန်မှီ မရိတ်သိမ်းနိုင်ဘဲ သောင်တင်နေကြရသည်ဟု လယ်ယာလုပ်ကိုင်နေသူများ ပြောပြချက်အရ သိရသည်။




Comments