top of page

ဝိုင်းမော်(၅၈)တပ်စခန်းဘက် တိုက်ပွဲပြင်းထန်နေသလို ဗလမင်းထင်တံတားပေါ် လုံခြုံရေး ထပ်မံတိုးမြင့်ထား

  • Writer: Pajau Media
    Pajau Media
  • 4 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။


လတ်တလော ဝိုင်းမော်စစ်မျက်နှာဘက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေသလို ဗလမင်းထင်တံတားပေါ်တွင်လည်း လုံခြုံရေးကို ပိုမိုတင်းကျပ်နေသည့်အပြင် တံတားပိတ်ချိန် ဗုံးထောင်ထားမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


“ဒီမနက် ၆ နာရီခွဲချိန် တံတားမဖွင့်သေးဘူး။ ဆိုင်ကယ်တွေအရမ်းကြပ်နေပြီး၊ ၁၅ မိနစ်ထိ စောင့်တာ မဖွင့်ပေးလို့ ပြန်ခေါက်သွားလိုက်တယ်။ လမ်းသွားလမ်းလာတစ်ချို့ ပြောတာက တံတားကို ညပိတ်တဲ့အချိန် ဗုံးထောင်ထားပြီး၊ မနက်ရောက်ရင် အဲဒီဗုံးကို ပြန်ရှင်းလင်းရေး လုပ်ကြတယ်လို့ ပြောကြတယ်” ဟု ဒေသခံတစ်ဦး ပြောပြသည်။


ဝိုင်းမော်မြို့မှ နောက်ဆုံးကျန်ရှိနေသည့် ခလရ (၅၈)တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်နေချိန်ဖြစ်ပြီး၊ စကစမှလည်း မြစ်ကြီးနားမြို့နှင့် ဆက်သွယ်ထားသည့် ဗလမင်းထင်တံတားတွင် လမ်းသွားလမ်းလာ ပြည်သူ၊ ကုန်တင်ကားများအား တင်းကြပ်စွာ စစ်ဆေးကာ လုံခြုံရေးမှာ တစ်ဆင့်တိုးမြင့် စောင့်ကြပ်ထားကြောင်း သိရသည်။


ဒေသခံများလည်း ဝိုင်းမော်ဘက် တိုက်ပွဲပိုမို ပြင်းထန်လာသောကြောင့် တံတားလုံခြုံရေးအား တစ်ဆင့်တိုးမြင့်ကာ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ပြောသည်။


တံတားပေါ်တွင် တားဆီးစစ်ဆေးခြင်းများအပြင် ဂိတ်ကြေးကောက်ခံခြင်းများလည်း လုပ်ဆောင်နေကြပြီး၊ ‌တစ်ဦးကိုပေးပြီးသားဖြစ်သော်လည်း နောက်တစ်ဦးက ထပ်မံတောင်းဆိုခြင်းများ ပြုလုပ်လာကြောင်း ကားသမားများ ပြောသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page