top of page

ဝိုင်း‌‌မော် ၅၈ တပ်ဘက် တိုက်ပွဲပြင်းထန်၊ ဗလမင်းထင်တံတားပေါ် လုံခြုံရေးပိုမိုတိုးမြင့်ထား

  • Writer: Pajau Media
    Pajau Media
  • 30 minutes ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။


ဝိုင်းမော်မြို့စောင့်တပ် ခလရ(၅၈)တပ်စခန်းဝန်းကျင်တွင် လက်ရှိစစ်ရေးတင်းမာ‌နေကာ နေ့စဉ်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်အပြင် မပခနှင့် မန်ပြတောင်မှလည်း လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်ကူနေကြောင်း သိရသည်။


“လက်နက်ကြီးသံတွေလည်း နေ့ည အမြဲတမ်းကြားနေရတယ်။ မနေ့က သန်းခေါင်ချိန်မှာလည်း မန်ပြတောင်ကနေ လက်နက်ကြီးတွေ ပစ်နေတယ်။ ဗလမင်းထင်တံတားမှာလည်း စစ်ကားနှစ်ကားအပြည့်နဲ့ စစ်သားအင်အား ဖြည့်ထားတယ်။ တိုက်ပွဲပြင်းထန်လာလို့ တံတားစောင့်တဲ့ အင်အားဖြည့်တင်းနေသလိုပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။


ထို့အပြင် ဗလမင်းထင်တံတားတွင် စစ်ကားနှစ်ကား ရပ်ထားသောကြောင့် လမ်းကျဉ်းပြီး သွားလာရခက်ခဲရသည်ဟု ဒေသခံများက ပြောသည်။


ယနေ့ ဖေဖော်ဝါရီ ၁၃ ရက် နေ့လည် ၁၁ နာရီချိန်ခန့်တွင်လည်း ဝိုင်းမော်-တာလောကြီးကျေးရွာတွင် လေယာဉ်လာရောက် ပစ်ခတ်သွားပြီး၊ ပြည်သူထိခိုက်မှု ရှိသော်လည်း သတင်းအတိအကျ သိရှိရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။


ဝိုင်းမော်စစ်မျက်နှာဘက်တွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းကတည်းက KIAပူးပေါင်းတပ်ဖွဲ့များက ခလရ(၅၈)တပ်နှင့် မန်ပြတောင်ဘက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရပြီး၊ စစ်ကောင်စီမှလည်း MI 35 လေယာဉ်ဖြင့် ဗုံးလာရောက်ပစ်ခတ် သွားကြောင်း သိရသည်။


လက်ရှိ ကချင်ပြည်နယ် ဝိုင်းမော်အပြင် ဗန်းမော်၊ ဖားကန့်၊ တနိုင်းဒေသများတွင် စစ်ရေးအရှိန်တင်းမာနေကြသည့်အပြင် လက်နက်ကြီးကြောင့် ပြည်သူထိခိုက်သေဆုံးမှု နေ့စဉ်ဖြစ်ပွားနေဆဲ ဖြစ်သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page