top of page

ဝူယန်ကျေးရွာအထက်ပိုင်းရှိ လမ်းတစ်နေရာကို စစ်ကောင်စီမှထပ်မံဖြတ်တောက်

  • Writer: Pajau Media
    Pajau Media
  • Jul 17, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊ဇူလိုင်လ၊၂၀၂၄ခုနှစ်။



ဝိုင်းမော်မြို့၊ ဝူယန်ကျေးရွာတွင် အခြေစိုက်သည့် ဝူယန်ပြည်သူ့စစ်တပ်နှင့် စစ်ကောင်စီပူးပေါင်းတပ်များမှာ ပြည်သူ့စစ်တပ်စခန်းအနီးရှိ လမ်းမတစ်နေရာကို ဘက်ဟိုးဖြင့် ကတုတ်ကျင်းတူးကာ လမ်းဖြတ်တောက်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။


“ဒီမနက်ဟုတ်တယ်။ ပြည်သူ့စစ်တပ်စခန်းအနီးက နယ်မြေ (၁) မနက်ဈေးဘက်ကို သွားတဲ့ လမ်းနေရာမှာဟုတ်တယ်။ သူတို့က ဝူယန်ရွာက မနက်ဈေးကွင်းကိုလည်း တစ်ဝက်လောက် ခြံကာယူထားလိုက်ပြီ။ သူတို့ ဝူယန်ဂိတ်ပိတ်လိုက်တော့ အဲ့ဘက်ကနေ ကားတွေ၊ ဆိုင်ကယ်တွေ သွားလာနေကြလို့ ထင်တယ်။ အသွားအလာလုပ်နေတဲ့ ပြည်သူတွေကို ဒုက္ခပေးချင်လို့ နေမှာပေါ့။” ဟု ဝူယန်ဒေသခံတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် ဇွန်လ ၁၇ရက်နေ့ကတည်းက လမြန်ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သောကြောင့် လမြန်ကျေးရွာအနီး နှစ်ရက်ဆက်တိုက် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက်၊ စစ်ကောင်စီလက်အောက်ခံ ဝူယန်ပြည်သူ့စစ်တပ်စခန်းကို ဇွန်လ ၁၉ရက်နေ့မှစပြီး စစ်တပ်မှ ပိတ်ထားလိုက်ခြင်း ဖြစ်သည်။


ယင်းနောက် ဒေသခံများမှာ ဝူယန်မနက်ဈေးဘက်မှ သွားလာနေကြပြီး၊ စစ်တပ်မှလည်း စစ်အင်အားဖြည့်တင်း လှုပ်ရှားနေခဲ့ကြသည့်အပြင် ဝူယန်မနက်ဈေးကွင်းကိုလည်း စစ်တပ်မှ ခြံကာပြီး လုံခြုံရေးနေရာယူထားကြောင်းလည်း အထက်ပါ ဒေသခံက ဆက်ပြောသည်။


“အခုသူတို့ ခြံကာပြီးနေရာယူထားတဲ့နေရာက မနက်ဈေးကွင်းနေရာဟုတ်တယ်။ လမ်းတစ်နေရာလောက်ဘဲ ချန်ထားခဲ့တာ။ အခုဒီမနက်က ပြန်တူးပြီး လမ်းဖြတ်တောက်လိုက်တဲ့သဘောပေါ့။”


ဒေသခံများ ပြောဆိုချက်အရ စစ်တပ်က ပြည်သူများကို ရန်သူလိုသဘောထားနေပြီး၊ ယင်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်သောကြောင့် စစ်ရေးတင်းကျပ်သည့်သဘောရှိနေကြောင်း၊နှင့် ယခုရက်ပိုင်းအတွင်းလည်း စစ်အင်အားများ ထပ်မံဖြည့်တင်း လှုပ်ရှားနေကြောင်းပြောသည်။


စစ်တပ်သည် ပြီးခဲ့သည့် ဇွန်လ ၁၇ရက်နေ့တွင် မြစ်ကြီးနားမြို့ပြင်အထွက် အကျဲကျေးရွာနှင့် ဖရောကျေးရွာကို ဆက်သွယ်ထားသည့် လမ်းပိုင်းကိုလည်း ဘက်ဟိုးဖြင့် မြေကျင်းတူးပြီး လမ်းဖြတ်တောက်ခဲ့သေးသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page