top of page

ဝူယန်ပြည်သူ့စစ်ဂိတ်မှ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သောကြောင့် ကျန်ရှိနေသေးသည့် အရပ်သားပြည်သူများ ပိတ်မိနေ

  • Writer: Pajau Media
    Pajau Media
  • Jun 20, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။




ဝိုင်းမော်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဝူယန်ပြည်သူ့စစ်ဂိတ်ကို ယမန့်နေ့ ဇွန်လ၁၉ရက် ညနေပိုင်းအချိန်ကတည်းက ပိတ်ထားလိုက်ခြင်းကြောင့် ကျန်ရှိနေသေးသည့် အနီးနားကျေးရွာများမှ အရပ်သား ပြည်သူအချို့ ပိတ်မိနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲပြင်းထန်လာပြီး ဝူယန်ကျေးရွာ အပါအဝင် တစ်ဆက်တည်းတည်ရှိသည့် မဒိန်၊ ခကွမ်၊ လမြန်၊ မုတ်ကြိတ်၊ နမ့်ဝါနှင့် လဘန်ကျေးရွာ စသည့် ဒေသရှိ အရပ်သားပြည်သူ အများစုမှာ ပြီးခဲ့သည့် မေလ၂၁ရက်နေ့ကတည်းက ဒုတိယအကြိမ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဖြစ်သည်။


ယင်းကျန်ရှိနေသည့်ဒေသခံများမှာ လယ်ယာစပါး ပျိုးကြဲရန် စောင့်နေသူများ၊ မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုအချို့ဖြစ်ပြီး လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် လမြန်ကျေးရွာနှင့် အနီးဆုံးဖြစ်သည့် ဝူယန်ကျေးရွာမှ ပြည်သူ့စစ်ဂိတ်ကို စစ်ကောင်စီက ပိတ်ပင်ထားလိုက်သောကြောင့် စစ်ဘေးမရှောင်ရသေးသည့် ဒေသခံများ ပိတ်မိနေရသည်ဟု မုတ်ကြိတ်ကျေးရွာတွင် ပိတ်မိနေသူက ပါဂျောင်မီဒီယာသို့ ယခုလို ပြောသည်။


“ကျွန်တော်တို့က မိုးကလဲဆက်တိုက်ရွာတော့ ရေများပြီး စပါးပျိုးကြဲလို့မရသေးလို့ စောင့်နေတာဟုတ်တယ်...ပြီးတော့ လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတဲ့လူတွေ ဆယ်ဂဏန်းပဲရှိတော့မယ်ထင်တယ်။ ကျွန်တော့အဒေါ်တွေကတော့ မနေ့ကတည်းက ဂွေထုလမ်းဘက်ကနေ သွားလိုက်ပြီ။ အခုက ဂွေထုလမ်းဘက်က သွားရ‌င် ၄နာရီ ၅နာရီကြာတယ်။ ကားငှားဖို့လည်း ကားမရှိတော့ဘူး။ ဆိုင်ကယ်နဲ့ ၃ ၄ခေါက် ခေါက်ရမယ် ပစ္စည်းတွေနဲ့ဆိုတော့...လမ်းကြောအခြေအနေကလည်း သေချာမသိရတော့ အခက်အခဲဖြစ်နေတယ်။ တိုက်ပွဲအသံတွေ လက်နက်ကြီးအသံတွေက တဖြေးဖြေးနီးလာတော့ ဒီနေ့ရွှေ့နိုင်အောင်တော့ ကြိုးစားရမယ်။”


ယင်းကျန်ရှိနေသေးသည့် ဒေသခံများမှာ နေ့ခင်းဘက်တွင် နေအိမ်အတွင်းနေထိုင်ပြီး ညဘက်မှာ ကျေးရွာအနီးရှိ လယ်ကွင်းနေရာများတွင် ညအိမ်ကာ လယ်ယာစပါးပျိုးကြဲရန် စောင့်နေကြသူများ ဖြစ်ကြောင်း သိရသည်။


ယမန်နေ့တွင် လမြန်ကျေးရွာအနီး တိုက်ပွဲပြင်းထန်လာချိန်မှာတော့ ဝိုင်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာစဉ် ဝူယန်ပြည်သူ့စစ်ဂိတ်တွင် မဖြတ်ခိုင်း၍ ပြန်လှည့်ခဲ့ရခြင်းဖြစ်ပြီး၊ ၅နာရီကြာသွားရသည့် ဂွေထုလမ်းဘက်မှ ကွေ့ဝိုက်ကာ နောင်ချိန်းဘက်အခြမ်းသို့ စစ်ရှောင်ရမည့် အခြေအနေဖြစ်နေသည်ဟုလည်း အထက်ပါ ဒေသခံက ဆက်ပြောသည်။


ဇွန်လ၁၇ရက်နေ့မှစပြီး လမြန်ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သောကြောင့် လမြန်ကျေးရွာအနီး နှစ်ရက်ဆက်တိုက် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး၊ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာပြီး စစ်ကြောင်းမှူး ၁ဦးနှင့် စစ်သား၁၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ထပ်မံသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page