top of page

ဝူယန်ပြည်သူ့စစ်တပ်မှ သင်းအုပ်ဆရာတစ်ဦးကို ပြောစရာရှိသည်ဟုဆိုကာခေါ်ဆောင်သွား

  • Writer: Pajau Media
    Pajau Media
  • Jul 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ဇူလိုင်လ၊၂၀၂၄ခုနှစ်။



ဝိုင်းမော်မြို့၊ ဝူယန်ကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတစ်ဦးကို ဝူယန်ပြည်သူ့စစ်တပ်မှ ခေတ္တခဏ ပြောစရာရှိသည်ဟုပြောကာ ခေါ်ဆောင်သွားကြောင်း သိရသည်။


ယနေ့ ဇူလိုင်လ ၁၈ရက် နံနက်အစောပိုင်းအချိန်တွင် ဝူယန်ပြည်သူ့စစ်ဂိတ်မှ စစ်သား၄ဦး ရောက်ရှိလာပြီး သင်းအုပ်ဆရာအား နေအိမ်မှခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဝူယန်ဒေသခံတစ်ဦးထံမှသိရသည်။


ပြည်သူ့စစ်မှ ခေါ်ဆောင်သွားသည့် သင်းအုပ်ဆရာကို လက်ရှိ ဝူယန်ပြည်သူ့စစ်ဂိတ်တွင် ခေါ်ဆောင်ထားကြောင်းနှင့် ဝူယန်ကျေးရွာ ဥက္ကဌပြောဆိုချက်အရ ယနေ့ညနေပိုင်းအချိန်လောက်တွင် ပြန်လည်လွှတ်ပေးလောက်ကြောင်း ဒေသခံတစ်ဦး တစ်ဆင့်ပြောပြချက်အရသိရသည်။


“ဆရာကို ဒီမနက်မှာ ခေါ်သွားတာ၊ ပြောစရာရှိတယ်ဆိုလို့ ခေါ်သွားတာ။ ဘေးအိမ်က လူတွေတွေ့လိုက်တယ်တဲ့။ ဒီကရွာလူကြီးကို မေးကြည့်တော့ ,ညနေပိုင်းလောက်မှာ ပြန်လွှတ်ပေးမယ်လို့တော့ ပြောတယ်တဲ့။ ဟုတ်လားမဟုတ်လားတော့ မသိဘူး။ အခုတော့ ဆရာကို အဲဒီဝူယန်ပြည်သူ့စစ်ဂိတ်မှာ ခေါ်ထားတယ်။” ဟု ပြောသည်။


သင်းအုပ်ဆရာအား ခေါ်ဆောင်သွားခြင်းမှာ မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်သည်ကို မသိရကြောင်းနှင့် ပြည်သူ့စစ်တပ်သား၄ဦး လာရောက်ခေါ်ဆောင်ချိန်မှာလည်း ပြောစရာရှိသည်ဟုဆိုကာ ခေတ္တခဏ ခေါ်သွားကြောင်းပြောသည်။


ဒေသခံများ ပြောဆိုချက်အရ ခေါ်ဆောင်ခံရသည့် သင်းအုပ်ဆရာမှာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်မဒိန်ခေါ်ဘောမ့်ဖြစ်ပြီး၊ ဝူယန်ပြည်သူ့စစ်ဂိတ် အနီးဝန်းကျင်အတွင်း နေထိုင်သူလည်း ဖြစ်သောကြောင့် စစ်တပ်မှ သံသယရှိ၍ခေါ်ဆောင်သွားတာဖြစ်နိုင်ကြောင်း ပြောသည်။


ဝူယန်ပြည်သူ့စစ်တပ်မှာ ယမန်နေ့ ဇူလှိုင်လ ၁၇ရက်နေ့က ပြည်သူ့စစ်တပ်စခန်း ပတ်ပတ်လည်ကို ဘက်ဟိုးဖြင့် ကတုတ်ကျင်းတူး လမ်းဖြတ်တောက်ခဲ့ပြီး၊ ဖြတ်သွားဖြတ်လာ ပြည်သူများကိုလည်း ငွေကြေးကောက်ခံကာ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။


လက်ရှိမှာတော့ ဝူယန်ပြည်သူ့စစ်ဂိတ် ပတ်ပတ်လည်အတွင်း ကတုတ်ကျင်းများတူးကာ လုံခြုံရေးအတွက် နေရာယူထားပြီး၊ ယခုရက်ပိုင်းအတွင်း စစ်အင်အား၊ တပ်သားအင်အားများ ဖြည့်တင်းလှုပ်ရှားမှုတွေ ပုံမှန်လုပ်ဆောင်နေကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page