top of page

သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးမူဝါဒများ ထိရောက်မှုမရှိသောကြောင့် ကချင်ပြည်နယ်တွင်နေ့စဉ်နှင့်အမျှ ပတ်ဝန်းကျင်ပျက်စီးမှုများဖြစ်ပေါ်နေ

  • Writer: Pajau Media
    Pajau Media
  • Jun 5
  • 1 min read

ပါဂျောင်မီဒီယာ။

၅ရက်၊ဇွန်လ၊၂၀၂၅။




ကချင်ပြည်နယ်တွင် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးမူဝါဒများ ထိရောက်မှုမရှိသောကြောင့် နေ့စဉ်ပတ်ဝန်းကျင်ပျက်စီးမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ကချင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအဖွဲ့က ယနေ့ဇွန်လ၅ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့(World Environment Day)တွင် ထုတ်ပြန်လိုက်သည်။


ယခု(၂၁)ရာစုတွင် သဘာဝပတ်ဝန်းကျင်အလွန်ဆိုးဝါးလာသော အခြေအနေသို့ ရောက်ရှိလာပြီး မိမိတို့နေထိုင်သည့်နယ်မြေများလည်း သဘာဝဘေးအန္တရာယ် ခြိမ်းခြောက်မှုအောက်တွင် တည်ရှိလာနေသည်။


အဆိုပါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေထိရောက်မှုမရှိခြင်းကြောင့် သစ်ထုတ်လုပ်ခြင်း၊ မြေရှားသတ္ထုတူးဖော်ခြင်း၊ ကျောက်စိမ်းနှင့်ရွှေ စသည့်သယံဇာတများကို အလွန်အကျွံ တူးဖော်ခြင်းများပိုမိုလုပ်ဆောင်လာခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်များဖြစ်သော ရေကြီးခြင်း၊ မြေပြိုခြင်း၊ ရာသီဥတုပြောင်းလဲမှုများနှင့် သစ်တောပျက်စီးမှုများ ပိုမိုဖြစ်ပွားလာကာ ပြည်သူလူထု၏ အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှု၊ လူနေအိမ်နှင့် အများပြည်သူအဆောက်အအုံများ ပျက်စီးဆုံးရှုံးနေရသည်ဟု ဖော်ပြထားသည်။

မြစ်ဆုံဒေသခံ အမျိုးသမီးတစ်ဦးကလည်း လက်ရှိ ကချင်ပြည်နယ်အတွင်း အထိန်းအကွပ်မရှိ လုပ်ဆောင်နေသည့် တရားမဝင် ရွှေတူးဖော်မှု၊ သတ္တုတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာရခြင်းဖြစ်သည်ဟုလည်း ပြောဆိုထားသည်။


ထို့ကြောင့် မိမိတို့ဒေသကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပေါ်လစီများ ကောင်းမွန်စွာ ချမှတ်ကျင့်သုံးခြင်းမရှိပါက အနာဂတ်နှစ်များအတွက် အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလာနိုင်သလို သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်နှင့် သဘာဝဘေးအန္တာရယ်မှ ကာကွယ်နိုင်ရန်အတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်ဟု KEGက ထုတ်ပြန်ထားသည်။


ထို့အပြင် နှစ်စဉ်နှစ်တိုင်း ယနေ့တွင် "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့"အဖြစ် ကမ္ဘာတဝန်း ကျင်းပကြပြီး၊ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ "ပလတ်စတစ်ညစ်ညမ်းမှုကို တွန်းလှန်၊ အာဏာရှင်စနစ်ကို မြေလှန်" ဟူသည့် ဆောင်ပုဒ်ပင် ဖြစ်သည်။


သတင်း - ထုဆိုင်း


Comentarios


Pajau Media

Thanks for subscribing!

bottom of page